Language:

အော်ပရေးရှင်း ၄၂ နဲ့ ရွှေတြိဂံဒေသ


အော်ပရေးရှင်း ၄၂ နဲ့ ရွှေတြိဂံဒေသ

အယ်ဒီတာ့အာဘော်

မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်း ခပ်စိပ်စိပ်တက်လာတယ်။ ထိုင်းမှာ မိလိုက်၊ လာအိုမှာ မိလိုက်၊ မြန်မာမှာ မိလိုက်ပေါ့။ ဒါပေမယ့် သယ်ယူပို့ဆောင်တဲ့ သတင်းတွေပါ။ ဒါပေမယ့် အခုရက်ပိုင်းမိတာက ဟိုင်းခန်းမှာ။ ဒါမျိုးကရှားရှားပါးပါး။ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ရှားတယ်ပြောတာ။ အရင်နဲ့မတူတဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ဖက်ဆိုင်ရာအရာရှိပါပါတယ်။

ဟိုင်းခန်း၊ ကေတီဗွီ၊ ဘား သွားပြီးတော့ မူးယစ်ဆေးသုံးနေတဲ့ လူငယ်တွေ မူးယစ်ဆေးဝါးကို လုံးဝ၊ လုံးဝ မသုံးသင့်တော့ဘူး။ ဆွဲနေရင်ဖြတ်လိုက်ပါ။ အရှေ့သံလွင်ရုံးက ရွှေတြိဂံမှာရှိတော့ ရွှေတြိဂံကလူငယ်တွေ၊ လူလတ်တွေ၊ ရှုပ်ပါတယ်။ ကြီးကြီးငယ်ငယ် သတိထားစေချင်တယ်။ အချိန်လွန်နောင်တ မဖြစ်စေလိုပါ။ နာမည်က အော်ပရေးရှင်း ၄၂ တဲ့။

ဘား၊ ကလပ်နဲ့ ဟိုင်းခန်းတွေ တရားဝင် မဟုတ်ပေမယ့် လူတိုင်းသိ၊ နေရာတိုင်းရှိနေတာပါ။ ဒီလိုဆိုင်မျိုးတွေ ဖွင့်လှစ်နိုင်တဲ့ လူဆိုတာမျိုးကလည်း ငွေကြေးနောက်ခံ တောင့်တင်းပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပလဲနံပသင့်တဲ့ လူမျိုးတွေပဲဆိုတာ လူတိုင်းသိတာပဲ။ ဟိုင်းခန်း၊ ကေတီဗွီတွေမှာတော့ ဟက်ပီးဝါးတား၊ ကေ ၊ အီးနဲ့ ဒဗလျူဝိုင်တို့ လိုသလောက်ကို ဝယ်ယူလို့ ရတဲ့အနေအထားဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာတော့ သာမန်လူတစ်ယောက် ဆေးခြောက် ၁၀၀ ဂရမ်လောက် မိရင်ကို ထောင်ဒါဏ် ၅ နှစ်ကနေ ၁၀ နှစ်လောက်ထိကျနိုင်တဲ့ ဥပဒေမျိုးရှိပါတယ်။

ဒါဆိုရင် ဟိုင်းခန်းတွေ၊ ကေတီဗွီတွေ၊ ဘားတွေနဲ့ ကလပ်တွေက ဥပဒေနဲ့ လွတ်ကင်းတဲ့ နေရာမျိုးဖြစ်နေတာလို့ အယူအဆတွေရှိလာပါတယ်။ အဲဒီအယူအဆကပဲ လူငယ်တွေက လုံခြုံတဲ့ ဒီလိုနေရာမျိုးတွေကို ရှာဖွေပြီးတော့ မူးယစ်ပျော်ပါးကြတာပါ။ လူငယ်တွေတင်မဟုတ်ပါဘူး လူကြီး၊ လူလတ်တွေအပြင် ဌာနဆိုင်ရာ အမှုထမ်းအရာထမ်းတွေပါ ပါဝင်တတ်ကြပါတယ်။ ဘာလို့အဲဒီလိုပြောနိုင်တာလဲဆိုတော့ အောက်တိုဘာလ ၂၅ ရက်နေ့ ရန်ကုန် တောင်ဥက္ကလာက Vibe ကေတီဗွီက သက်သေပြနေလို့ပါ။ မြို့နယ်တရားသူကြီး ၂ ယောက်နဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ယောက်အပါအဝင် လူ ၃၀ ကျော်ဖမ်းဆီးပြခဲ့တာကို။

အော်ပရေးရှင် ၄၂ ကို ၂၀၂၆ ဧပြီလထဲက စနေတာလို့ ဘီဘီစီသတင်းဌာနကို မူးယစ်အထူးရဲတပ်ဖွဲ့ အရာရှိကြီးတစ်ယောက်က ပြောထားတယ်။ နောက်ထပ်ပြောထားတာ ရှိသေးတယ်။ အော်ပရေးရှင်း ၄၂ က တစ်နိုင်ငံလုံးလို့ ပြောလိုက်တာပါ။ ဒါကြောင့် ဒီအော်ပရေးရှင်း ၄၂ က ရွှေတြိဂံဒေသလည်း ပါဝင်မယ်လို့ ထင်ပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့ ထုတ်ပြန်ချက် အစီအရင်ခံစာတွေမှာလည်း ရွှေတြိဂံဒေသကို မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုရောင်းဝယ်မှုတွေဟာ ယခင်ကမကြုံဖူးလောက်အောင် မြင့်မားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုသတင်းတွေ ဖတ်ရ၊ မြင်ရတော့ ကိုယ့်ဒေသက အကြောင်းပြန်တွေးမိတယ်။ နယ်စပ်ဒေသလည်းဖြစ်ပြန်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ခပ်များများ၊ မူးယစ်ဆေးဝါးကလည်း အခြားဒေသထက်ပိုပေါတဲ့ ရွှေတြိဂံ။ တိုင်းရင်းသားပေါင်းစုံရှိပြီး ချစ်စရာရိုးရာယဉ်ကျေးမှုနယ်မြေ ရွှေတြိဂံမှာ လူငယ်တွေနဲ့ မူးယစ်ဆေးသုံးစွဲနေသူတွေ လမ်းမှားကနေ လမ်းမှန်ပြန်ရောက်စေလိုပါကြောင်း ဒီတစ်ပါတ် အယ်ဒီတာ့အာဘော်မှာ ထည့်သွင်းဖော်ပြလိုက်ရပါတယ်။

#အယ်ဒီတာ့အာဘော်

#ရွှေတြိဂံ

#မူးယစ်ဆေး

ဆက်စပ်သတင်းများ

Eastern Thanlwin