ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမှာ ရေဘေးကြုံ


ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမှာ ရေဘေးကြုံ

၃၁ ဇူလိုင် ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်မှာ ယမန်နေ့ ဇူလိုင်လ (၃၀)ရက် ညပိုင်းကစပြီး ငဝန်ရေကာတာကျိုးပေါက်ခဲ့တဲ့အတွက် လေးမျက်နှာမြို့နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ ငဝန်မြစ်ရေဝင်ရောက်ပြီး ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။

ငဝန်တာဟာ မနေ့က ညပိုင်းကတည်းက ပေ (၅၀) ဝန်းကျင် ကျိုးပေါက်သွားတာဖြစ်ပြီး လေးမျက်နှာမြို့ပေါ်နဲ့ တာအနီးတဝိုက်က ကျေးရွာတွေထဲကို မြစ်ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့လို့ လက်ရှိမှာ ရေဘေးကြုံနေရတဲ့ ဒေသခံတွေကို အရေးပေါ်ကယ်ထုတ်ပေးနေရတယ်လို့ ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

“ရဲစခန်းရှိတဲ့ဘက်ခြမ်းက လည်ပင်းလောက်တော့ ရောက်သွားပြီ ။ အခုအထိကတော့ ရွှေ့ပြောင်းနေရတုန်းပဲ။ ငဝန်မြစ်ထဲက တိုက်ရိုက်ရေတွေဝင်တာပေါ့။ ရေကတော့ တလုတ်ထော်ဘက်၊ ငသိုင်းကြောင်း ၊ ရေကြည်ဘက်အထိပါ ရောက်နိုင်တယ်။ ကယ်ဆယ်ရေးကတော့ လက်ရှိမှာ လူအယောက် ၄၀၀ လောက်ရှိတယ်။ မီးသတ်ရော၊ ပရဟိတအဖွဲ့တွေရော၊ လမ်းပန်းဆက်သွယ်ရေးကတော့ လေးမျက်နှာအဝင်လောက်အထိပဲ ရောက်တော့မှာ။ ဖြစ်တဲ့နေရာတွေကတော့ သွားလို့လာလို့မလွယ်တော့ဘူး။ ၂ မိုင်လောက်ဝေးတယ်လေ။ အဲဒီတောက်လျှောက်ကတော့ ရေဖုံးသွားပြီပေါ့” လို့ ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီဌာနကလည်း ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်၍ ၎င်းမှတစ်ဆင့် ရပ်ကွက်/ကျေးရွာများသို့ဝင်ရောက်လျက်ရှိသဖြင့် လက်ရှိတွင် ရေဝင်နစ်မြုပ်နေတဲ့ လေးမျက်နှာမြို့ အမှတ် (၃)၊(၄)၊(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ကျွန်းကုန်းကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာတို့မှ ဒေသခံတွေကို ကူညီရွေ့ပြောင်းနေပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းဦးစီးသော ကွပ်ကဲရေးအဖွဲ့လည်း လေးမျက်နှာမြို့သို့ ရောက်ရှိ ကွပ်ကဲနေကြောင်း သိရပါတယ်။

လက်ရှိမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကင်းလှည့်စောင့်ကြည့် ခြင်းအားအဖွဲ့(၁)ဖွဲ့၊ ကယ်ဆယ်ရွှေ့ထုတ်ရေးအဖွဲ့(၃)ဖွဲ့နဲ့ကွပ် ကဲရေးအဖွဲ့(၁)ဖွဲ့ ဖြင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ လေးမျက်နှာ မြို့နယ်အတွင်းက စာသင်ကျောင်းများကိုလည်းယာယီပိတ်ထားတယ်လို့ သိရပါတယ်။

#သဘာ၀ဘေး

#ရေဘေး

#ငဝန်မြစ်ရေ

#ဟင်္သာတ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin