၂၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ကိုရဲ
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အဆောက်အအုံများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများကို ထိုင်းနိုင်ငံသား လုပ်ငန်းရှင်ကန်ထရိုက်များက ဒေသတွင်း စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ လာရောက်လုပ်ကိုင်နေကြတယ်လို့ အရှေ့သံလွင်သတင်းမီဒီယာက စုံစမ်း သိရှိရပါတယ်။
တာချီလိတ်မြို့ရှိ အချို့အိမ်ပိုင်ရှင်များက ထိုင်းနိုင်ငံသား ကန်ထရိုက်များကို အထင်ကြီးယုံကြည်မှုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ အပ်နှံခဲ့ကြသော်လည်း လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မူလသဘောတူထားသည့် ကုန်ကျစရိတ်ထက် ငွေကြေးပိုမိုတောင်းခံနေတယ်လို့ ဆိုပါတယ်။
ထို့ပြင် သတ်မှတ်ထားတဲ့ လုပ်ငန်းအရည်အသွေးနဲ့ အချိန်ကာလအတိုင်း ဆောင်ရွက်ပေးမှု မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အချို့သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ ငွေကြေးလက်ခံရရှိပြီးနောက် လုပ်ငန်းကို အပြီးသတ် လုပ်ဆောင်ပေးခြင်းမရှိဘဲ မိမိတို့စိတ်ကြိုက် လုပ်ဆောင်ကာ ဆောက်လုပ်ရေးကုန်ကျစရိတ်များကို ထပ်မံတောင်းခံနေတယ်လို့ ဆိုပါတယ်။
ထို့ပြင် ငွေကြေးများ လက်ခံရရှိပြီးနောက် လုပ်ငန်းကို အပြီးသတ်မဆောင်ရွက်ဘဲ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးသွားခြင်းတို့ကြောင့် အိမ်ပိုင်ရှင်များမှာ ငွေကြေးဆုံးရှုံးမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်း မပြီးစီးသည့် ပြဿနာများကိုပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စည်ပင်သာယာရေးဌာနက တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း လေယာဉ်ပေါ်တက်ခါနီးအချိန်ဖြစ်နေတဲ့အတွက် နောက်မှ ပြန်လည်ဆက်သွယ်ပေးရန်သာ ဖြေကြားခဲ့ပါတယ်။
တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ တစ်မြို့ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ရာနဲ့ စီးပွားရေးအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်လာတဲ့ ဒေသတစ်ခုလည်း ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသား လုပ်ငန်းရှင်နှင့် ကန်ထရိုက်တာများ ပါဝင်လုပ်ကိုင်နေကြသော်လည်း နိုင်ငံခြားသားများ၏ လုပ်ငန်း လုပ်ကိုင်ခွင့်ဆောက်လုပ်ရေးဆိုင်ရာ ခွင့်ပြုချက်များနှင့် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိ မရှိကိုပါ စိစစ်ရန်လိုအပ်ပါတယ်။

