Language:

မြန်မာနဲ့ အမေရိကန်ကြား ထိတွေ့ဆက်ဆံမှုကို ထိုင်း ကြိုဆို


မြန်မာနဲ့ အမေရိကန်ကြား ထိတွေ့ဆက်ဆံမှုကို ထိုင်း ကြိုဆို

၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် စီဟာဆက် ဖွမ်ကတ်ကီယိုက မြန်မာနဲ့ အမေရိကန်ကြား ထိတွေ့ဆက်ဆံမှုတွေ တိုးလာတာကို ထိုင်းနိုင်ငံအနေနဲ့ ကြိုဆိုတယ်လို့ ပြောပါတယ်။ သောကြာနေ့က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံစဉ် သူက အခုလို ပြောခဲ့တာပါ။

မြန်မာကို နိုင်ငံတကာက အထီးကျန်အောင် မထားသင့်သလို နိုင်ငံကြီးတွေအကြား အားပြိုင်မှုရဲ့ နယ်ပယ်တစ်ခုလည်း မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တစ်လအတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အမေရိကန်က ရှောင်ဖယ်ထားခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အခုလို ထိတွေ့ဆက်ဆံမှု တိုးလာတာပါ။ ဒါပေမဲ့ ဒီဆက်ဆံရေးဟာ အစိုးရကို တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘဲ မြန်မာ့ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့နဲ့ အတိုက်အခံတွေနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိဖို့ ရည်ရွယ်တာဖြစ်တယ်လို့ စီဟာဆက်က ရှင်းပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားမှာလည်း အပြောင်းအလဲတချို့ ရှိလာတယ်လို့ သူက ပြောပါတယ်။ မင်းအောင်လှိုင်ရဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှား ခရီးစဉ်တွေကို ဥပမာပေးခဲ့ပေမဲ့ လာမယ့် နိုဝင်ဘာလ မနီလာမြို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကို ကိုယ်စားပြုခွင့် အပြည့်အဝ ပြန်ပေးမလားဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ကုန်းမြေနဲ့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုတွေကို လာမယ့် ၁၂ လကနေ ၁၈ လအတွင်း ဖြေရှင်းနိုင်မယ်လို့ စီဟာဆက်က ခန့်မှန်းပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြား ယုံကြည်မှု ပြန်တည်ဆောက်ဖို့နဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို အရင်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ပင်လယ်ရေပြင်ဟာ စတုရန်းကီလိုမီတာ ၂၆,၀၀၀ ခန့် ကျယ်ဝန်းပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းဘက်ကတော့ သဘာဝအရင်းအမြစ်တွေ ခွဲဝေသုံးစွဲရေး မဆွေးနွေးခင် နယ်နိမိတ်ကို အရင်သတ်မှတ်လိုနေပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ ဥရောပသမဂ္ဂတို့ကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ဆွေးနွေးမှုတွေလည်း နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ စီဟာဆက်က ပြောပါတယ်။

နှစ်ဖက်စလုံးမှာ နိုင်ငံရေးဆန္ဒရှိမယ်ဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ သဘောတူညီချက် ရရှိနိုင်တယ်လို့ သူက မျှော်လင့်ထားပါတယ်။ လာမယ့် နိုဝင်ဘာလ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာ့အရေးအပါအဝင် ဒေသတွင်း အရေးကြီးကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။

#သံတမန်ဆက်ဆံရေး

#ထိုင်းဝန်ကြီးချုပ်

#အမေရိကန်

#အစိုးရ

ဆက်စပ်သတင်းများ

Eastern Thanlwin