Language:

ချင်းရိုင်မှာ ကားစပီကာထဲ ဝှက်ထားတဲ့ မူးယစ်ဆေးပြား ၂၈၀,၀၀၀ ဖမ်းဆီးရမိ


ချင်းရိုင်မှာ ကားစပီကာထဲ ဝှက်ထားတဲ့ မူးယစ်ဆေးပြား ၂၈၀,၀၀၀ ဖမ်းဆီးရမိ

၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်၊ ထိုင်ခရိုင်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ပစ်ကပ်ကားရဲ့ စပီကာအိမ်တွေထဲ ဝှက်သယ်လာတဲ့ မူးယစ်ဆေးပြား ၂၈၀,၀၀၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အသက် ၂၈ နှစ်အရွယ် ကားမောင်းသူ စစ်တစ်ဆက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မူးယစ်ဆေးသယ်ပေးခအဖြစ် ဘတ် ၅၀,၀၀၀ ရမယ်လို့ သူက ဝန်ခံထားပါတယ်။

ရဲတပ်ဖွဲ့ဟာ သတင်းရရှိထားတဲ့အတွက် ကားနံပါတ်ဖတ်ရှုတဲ့ LPR စနစ်ကို အသုံးပြုပြီး ကားရဲ့သွားလာမှုကို ခြေရာခံခဲ့တာပါ။ အောက်တိုဘာ ၂၂ ရက် မနက် ၉ နာရီခွဲကျော်မှာ ကားဟာ ချင်းဆန်ဘက်ကနေ မယ်ချမ်းဘက်ကို ဝင်လာတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ကားဟာ လမ်းမကြီးကိုရှောင်ပြီး ကျေးရွာလမ်းတွေကနေ သွားလာခဲ့တာကြောင့် ရဲတွေက ထိုင်ခရိုင်အတွင်းရှိ လမ်းဆုံတစ်ခုမှာ စောင့်ဆိုင်းပြီး မွန်းလွဲ ၁ နာရီခန့်မှာ တားဆီးစစ်ဆေးခဲ့ပါတယ်။

ကားပေါ်မှာ ယာဉ်မောင်းအပြင် သူ့ဇနီးနဲ့ အသက် ၉ နှစ်၊ ၄ နှစ်အရွယ် သမီးနှစ်ဦးလည်း လိုက်ပါလာပါတယ်။ ယာဉ်မောင်းရဲ့ အမူအရာကို သံသယရှိတာကြောင့် ရဲက ကားကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး လက်ကိုင်ဓာတ်မှန်စက်နဲ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါ နောက်ခုံအနောက်ဘက်က ဘယ်ညာစပီကာအိမ်တွေထဲမှာ မူးယစ်ဆေးတွေ ဝှက်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ဘယ်ဘက်စပီကာထဲက ဆေးပြား ၁၃၈,၀၀၀ နဲ့ ညာဘက်စပီကာထဲက ၁၄၂,၀၀၀၊ စုစုပေါင်း ၂၈၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်တစ်ဆက်ရဲ့ ထွက်ဆိုချက်အရ သူဟာ မယ်ချမ်းခရိုင်မှာ မူးယစ်ဆေးတွေကို သွားယူခဲ့တာဖြစ်ပြီး “ကောက်” လို့ခေါ်တဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက သယ်ဆောင်ပေးဖို့ စေခိုင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီဆေးတွေကို တာ့ခ်ပြည်နယ်ဘက် ပို့ဆောင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ရဲတပ်ဖွဲ့က ဓာတုဆေးရည်နဲ့ စမ်းသပ်ရာမှာ မက်သာဖက်တမင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့ဇနီးနဲ့ သမီးနှစ်ဦးမှာ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ပတ်သက်မှုမရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့က စစ်တစ်ဆက်ကို ရောင်းချရန်ရည်ရွယ်ပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ အမှုဖွင့်ထားပါတယ်။ မူးယစ်ဆေးတွေ သယ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ပစ်ကပ်ကားနဲ့ iPhone 13 ဖုန်းတစ်လုံးကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပါတယ်။ ဒီမူးယစ်ဆေးကွန်ရက်နောက်ကွယ်မှာ ပါဝင်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

#မူးယစ်ဆေးဝါး

#မူးယစ်မှောင်ခို

#ချင်းရိုင်း

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin