၂၃ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ က Phairi Phinat 3 စစ်ဆင်ရေးမှာ မူးယစ်မှုကွန်ရက်ကြီး ၇ ခုကို ဖြိုခွဲနိုင်ခဲ့ပြီး ဆေးပြား ၇,၁၉၉,၀၀၀ ကျော်နဲ့ အိုက်စ် ၅၀၅ ကီလိုကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ဆင်ရေး ရလဒ်တွေကို အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကာ ထိုင်းရဲတပ်မှူးကြီး ဖူမင် ဖူမ်ဖန်မွမ်းက ဒုတိယ ရဲမှူးကြီးတွေနဲ့ တိုင်းမှူးတွေအပါအဝင် ရဲအရာရှိကြီးတွေနဲ့အတူ ကြေညာခဲ့တာပါ။
ဖမ်းမိတဲ့ အမှုတွေထဲမှာ ချင်းရိုင်မှာ ဆေးပြား ၃ သန်း တင်လာတဲ့ ကားကို တားဆီးဖမ်းမိမှု၊ ဆီတိုင်ကီထဲမှာ ဝှက်ပြီး ပါဆယ်နဲ့ ပို့ဖို့ ကြိုးစားတဲ့ ဆေးပြား ၁.၁၆ သန်း၊ ရတ်ချာဘူရီမှာ ဆေးပြား ၂.၅၆ သန်း သိုလှောင်ထားတဲ့ ဂိုဒေါင်ကို ဝင်စီးနင်းခဲ့တာနဲ့ ဘန်ကောက်က ဖျော်ဖြေရေးဆိုင်တွေမှာ ကေတာမင်း ရောင်းချတဲ့ ဗီယက်နမ်လူမျိုး ၁၄ ဦးကို ဖမ်းဆီးရမိမှုတွေလို့ ဆိုပါတယ်။
ဒါ့အပြင် အူဒွန်ဌာနီမှာ ရဲတားစစ်ဆေးရေးဂိတ်ကို ဖောက်ထွက်ပြေးတဲ့ ကားထဲမှာ ဆေးပြား ၃၉၀,၀၀၀ တွေ့ရှိခဲ့တာ ဖူးခက်မှာတော့ အိုက်စ်နဲ့ ဟဲရိုးအင်း ပါဆယ်ထုပ်တွေ လက်ခံတဲ့ ဂိုဏ်းကို ဖမ်းဆီးခဲ့တာတွေ ဖြစ်ပါတယ်။
ပတ်ချဘူရီ ခရိုင် ခေါယိုအနားမှာ အောက်တိုဘာ ၂၀ ရက် ညက ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာတော့ သံသယရှိသူ ၂ ဦးက အရင် စပစ်လို့ ရဲက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်ပစ်ခဲ့တာဖြစ်ပြီး သတ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်တာကြောင့် တရားဥပဒေနဲ့ ကိုက်ညီတယ်လို့ ရဲတပ်မှူးကြီးက ရှင်းလင်းခဲ့ပါတယ်။
တခြား အမှုတစ်ခုမှာ ဖမ်းမိတဲ့ သံသယရှိသူ တစ်ဦးကတော့ သူ့မှာ လက်နက်မပါခဲ့ဘဲ အေးဆေးစွာ ဖမ်းဆီး ခံခဲ့ကာ လက်နက်ပါခဲ့ရင် ထွက်ပြေးဖို့ ပစ်ခတ်မိမှာပဲဟုလည်း ၎င်းကပြီး ဒီစစ်ဆင်ရေးမှာ သံသယရှိသူ အများအပြားနဲ့ မူးယစ်ကွန်ရက်တွေနဲ့ ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးက ထိုင်း အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ တိုက်ဆိုင်နေပြီး အောက်တိုဘာ ၂၁ ရက်နေ့ကပဲ ဝန်ကြီးချုပ် အနုထင် ချန်ဝီရာကွန်နဲ့ ဘူမ်ဂျိုင်ထိုင်းပါတီ လွှတ်တော်အမတ်တွေက မူးယစ်ဆေးဥပဒေတွေကို ပိုတင်းကျပ်ဖို့ ဥပဒေကြမ်းနှစ်ရပ်ကို လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကလည်း ဝန်ကြီးချုပ်ကိုယ်တိုင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပါသေးတယ်။
ရဲတပ်မှူးကြီး ဖူမင်က မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အမျိုးသားရေး အစီအစဉ်အဖြစ် ‘’မူးယစ်ဆေး ဖယ်ရှားရေး၊ ဘေးကင်းလုံခြုံသော မြေယာ’’ ဆိုတဲ့ မူနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်ဟု ပြောကြားခဲ့ပါတယ်။
သယ်ဆောင်သူတွေကိုသာဖမ်းဆီးတာနဲ့ မရပ်ဘဲ နောက်ကွယ်က ခေါင်းဆောင်တွေ၊ ငွေကြေးစီးဆင်းမှုတွေနဲ့
ဆက်စပ်ပစ္စည်းတွေကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကလေးသူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ် မရောက်စေဖို့ ကာကွယ်ရေးက အဓိက ရည်မှန်းချက်ဖြစ်တယ်လို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
#ဆေးပြား၇.၂သန်း

