Language:

အရက်သေစာသောက်စားပြီး ဆူညံနေတဲ့ သံဃာနဲ့ လူတွေကို သာသနာညှိုးနွမ်းစေမှုဖြင့်အမှုဖွင့်


အရက်သေစာသောက်စားပြီး ဆူညံနေတဲ့ သံဃာနဲ့ လူတွေကို သာသနာညှိုးနွမ်းစေမှုဖြင့်အမှုဖွင့်

၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

တာချီလိတ်မြို့တွင် အရက်သေစာသောက်စားပြီး ဆူညံနေတဲ့ ဘုန်းကြီးကျောင်းက သံဃာ ၁ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦးတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက သာသနာညိုးနွမ်းစေမှုဖြင့် အောက်တိုဘာ ၁၇ ရက်နေ့က မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ပုန်းထွန်းရပ်ကွက် သီရိဟံသာကျောင်းတိုက်အတွင်း ဝိနည်းတော်နှင့်မညီဘဲ အရက်သေစာမူးရစ်သောက်စားပြီး အော်ဟစ်ဆူညံနေကြောင်း ကျောင်းတိုက်အနီးနေထိုင်သူတွေက ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

“သာသနာညှိုးနွမ်းစေမှုနဲ့တော့ အမှုဖွင့်အရေးယူထားပါတယ်။ သာသနာသန့်ရှင်းအောင် သာသနာထိန်းသိမ်းရေးအဖွဲ့က လူဝတ်လဲပြီး အမှုဖွင့်ထားတာပါ”လို့ တာချီလိတ် မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေက ကျောင်းတိုက်အတွင်းစစ်ဆေးရာတွင် သီတင်းသုံးနေထိုင်သူ အသက် ၄၆ နှစ်အရွယ်သံဃာတော် ၁ ပါး၊ အသက် ၅၂ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို သာသနာညှိုးနွမ်းစေတဲ့ အပြုအမူနဲ့ လုပ်ရပ်တွေပြုလုပ်နေတာ တွေ့ရှိတဲ့အတွက် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အရက်သေစာသောက်စားမူးယစ်နေတဲ့ သံဃာတော်အား လူဝတ်လဲစေခဲ့ပြီး အခြားအမျိုးသား ၂ ဦးတို့ကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅ နှင့် ၂၉၅-က သာသနာညိုးနွမ်းစေမှုတို့ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

ယခုလအတွင်း သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သာသနာအကြည်ညိုပျက်စေတဲ့ အပြုအမူတွေပြုလုပ်နေတဲ့ သံဃာ(၃)သုံးပါးနဲ့ လူ(၂)ဦးကို အမှုဖွင့်တရားစွဲထားတယ်လို့ သိရှိရပါတယ်။

#သာသနာညိုးနွမ်းစေမှု

#သာသနာထိန်းသိမ်းရေးအဖွဲ့

#လူဝတ်လဲ

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin