၂၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့ကို ထိုင်းထီလာရောက်ရောင်းချတဲ့ ထိုင်းနိုင်ငံသား(၃)ဦးကို ဖမ်းဆီးပြီး တရားမဝင်ထီရောင်းချမှုနဲ့ ဖမ်းဆီးထားတဲ့အမှုမှာ (၂)လကျော်ကြာမြှင့်နေပြီး တရားလိုပြသက်သေတွေ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသား သုံးဘီးသမားတွေဖမ်းခံရပြီး တာချီလိတ်မှာလဲ ထိုင်းနိုင်ငံသား ထီလာရောက်ရောင်းချသူ (၃)ဦးကို ပြန်လည်ဖမ်းဆီးကာ တရားမဝင် ထီရောင်းချမှုနဲ့ တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။
“အမှုက တရားလိုနဲ့ လိုပြသက်သေတွေကို စစ်နေတဲ့ အခြေအနေရောက်ပါပြီ စစ်ပြီးရင် အမိန့်ချပြီး ထိုင်းဘက်ပြန်လွှဲပြောင်းပေးမယ်လို့လဲ ကြားထားပါတယ်၊ အမှုကတော့ ထုံးစံအတိုင်း(၃)လပတ်ဝန်းကျင် ကြာတတ်တဲ့အမှုပါ၊ တအားကြာနေတာတော့မဟုတ်ပါဘူး”လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ တရားလိုပြသက်သေတွေစစ်ဆေးပြီးရင် တရားခံဘက်မှ သက်သေများပြန်လည်စစ်အဆေးခံပြီး လျှောက်လွှဲချက်တင်ပြကာ အမှုစီရင်ချက်ချရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့၂၀၁၉ ခုနှစ်အတွင်း ပြန်လည်ပြင်ဆင်ခဲ့တဲ့ လောင်းကစားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၆ အရ ထောင်ဒဏ် (၆)လမှ ထောင်ဒဏ်(၁)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး အနည်းဆုံး ငွေဒဏ် ကျပ်(၅)သောင်းမှ ကျပ်(၁)သိန်းအထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

