Language:

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု အတည်ပြု၊ အလုပ်အကိုင် ၉,၃၁၅ နေရာ ဖန်တီးနိုင်မယ်လို့ဆို


ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု အတည်ပြု၊ အလုပ်အကိုင် ၉,၃၁၅ နေရာ ဖန်တီးနိုင်မယ်လို့ဆို

၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုနဲ့ မြန်မာနိုင်ငံသားပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၊ စုစုပေါင်းလုပ်ငန်း ၁၂ ခုကို အတည်ပြုပေးခဲ့ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၉,၃၁၅ နေရာ ဖန်တီးပေးနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၄/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးက သိရပါတယ်။

အဆိုပါလုပ်ငန်းတွေမှာ အထည်အလိပ်နဲ့ အဝတ်အထည်ချုပ်လုပ်ငန်းတွေ အဓိက ပါဝင်ပြီး CMP စနစ်နဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။

၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အတည်ပြုပေးခဲ့တာကတော့ အောက်တိုဘာ ၂၀ ရက်က ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၄/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကနေ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အတည်ပြုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုရဲ့ မတည်ရင်းနှီးငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅.၈၄၈ သန်းနဲ့ မြန်မာကျပ်ငွေ ၃,၁၃၃.၅၉၇ သန်း ရှိတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်အကိုင် ၉,၃၁၅ နေရာ ဖန်တီးပေးနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစည်းအဝေးမှာ မတည်ရင်းနှီးငွေ တိုးမြှင့်ဖို့ တင်ပြလာတဲ့ လုပ်ငန်း ၈ ခုအပါအဝင် အခြားအထွေထွေ ကိစ္စရပ်တွေ တင်ပြလာတဲ့ ကုမ္ပဏီ ၆၀ ရဲ့ အဆိုပြုချက်တွေကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အတည်ပြုပေးခြင်းဟာ စက်မှုကဏ္ဍအတွင်း လုပ်ငန်းလည်ပတ်မှုတွေ တိုးချဲ့နိုင်ရေးနဲ့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရေးအတွက် အရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်သမားအင်အား လိုအပ်ချက်များတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်ရောက်လာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မှာ အလုပ်သမား အင်အား တစ်သောင်းကျော်လောက် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ခြေရှိတဲ့ စက်ရုံအလုပ်ရုံ ၆ ရုံထက်မနည်း ပိတ်သိမ်းသွားနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ် လျက်ရှိပြီး သက်ဆိုင်ရာကတော့ စက်ရုံတွေ ရပ်နားသွားမယ့် အခြေအနေကို တရား၀င် ထုတ်ပြန်ပြောဆိုလာခြင်းတော့ မရှိသေးပါဘူး။

#ရန်ကုန်တိုင်း

#ရင်းနှီးမြှုပ်နှံမှု၁၂ခု

#အလုပ်အကိုင်

#စီးပွားရေး

ဆက်စပ်သတင်းများ

Eastern Thanlwin