Language:

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ် ၄၈၈ စီးကို စံချိန်စံညွှန်း မမှီလို့ ပြေးဆွဲခွင့် ယာယီပိတ်ပင်


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ် ၄၈၈ စီးကို စံချိန်စံညွှန်း မမှီလို့ ပြေးဆွဲခွင့် ယာယီပိတ်ပင်

၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲက သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ယာဉ် ၄၈၈ စီးကို ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ အတည်ပြုလိုက်ပါတယ်။

၎င်းအစည်းအဝေးမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အဆိုပါ ယာဉ်တွေကို ပြုပြင်မှုများ ပြုလုပ်ကာ စစ်ဆေးမှု ပြန်လည်ခံယူပြီးမှသာ ပြေးဆွဲခွင့်ပြုတော့မယ်လို့ ပြောကြားခဲ့တာပါ။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးစိုးရဲ့ YBS ယာဉ်တွေကို ခရီးသည်တွေအနေနဲ့ အန္တရာယ်ကင်းကင်း စီးနင်းနိုင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ အခုလို ပြောဆိုခဲ့တာပါ။

လက်ရှိမှာလည်း YRTC အနေနဲ့ YBS ယာဉ်လိုင်းကုမ္ပဏီတွေကို ယာဉ်တစ်စီးချင်းစီ ပြေးဆွဲမှု မစတင်ခင် ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအခြေအနေတွေ စနစ်တကျ စစ်ဆေးဖို့၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှသာ ဂိတ်ကနေ ထွက်ခွာခွင့်ပြုဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ထိုသို့ စစ်ဆေးနေစဉ် ခရီးသည်တွေကို ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ ချို့ယွင်းချက်တွေကိုလည်း အလေးထား စစ်ဆေးနေကာ ကားရဲ့ ထိုင်ခုံလက်တင်တွေ ပေါက်ပြဲပြီး သံစတွေ ထွက်နေတာ၊ ယာဉ်အတွင်း အပေါ်လက်တန်းတွေ ပြုတ်နေတာ ချောင်နေတာတွေကို တွေ့ရှိတဲ့ ယာဉ်ကို ပြေးဆွဲခွင့် ရပ်နားစေပြီး ပြုပြင်မှုတွေ ပြုလုပ်ပြီးနောက် YRTC ရဲ့ ပြန်လည်စစ်ဆေးမှုကို ခံယူပြီးမှသာ ပြေးဆွဲခွင့် ခွင့်ပြုမှာ ဖြစ်ပါတယ်။

“အခုလို စစ်ဆေးပြီးမှ ပြေးဆွဲခွင့်ပြုမယ်ဆိုတာ ကောင်းပါတယ်။ ထိုင်ခုံတွေမှာ အပေါက်ပြဲတွေနဲ့ နောက် လက်ကိုင်ကွင်း မရှိတာတွေ အများကြီးပါ။ မိုးတွင်းဆို ပိုဆိုးတာပေါ့။ ခရီးသည်တွေကို ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ ချို့ယွင်းချက်တွေကိုလည်း အလေးထား စစ်ဆေးနေတယ်ဆိုတာကို ကြိုဆိုပါတယ်ဗျ။” လို့ ရန်ကုန်မြို့တွင်း YBS စီးနင်းတဲ့ ခရီးသွား တစ်ဦိးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ်လကုန်အထိ စစ်ဆေးမှုတွေထဲ စံချိန်စံညွှန်း မမှီတဲ့ YBS ယာဉ် ၄၈၈ စီးကို တွေ့ရှိခဲ့ပြီး အဲဒီယာဉ်တွေကိုလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ပြုပြင်စေကာ ပြန်လည် စစ်ဆေးပြီးမှသာ ပြေးဆွဲခွင့်ပြုခဲ့တာလို့လည်း ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားခဲ့ပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ YBS အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခုက ယာဉ်လိုင်း ၁၃၃ လိုင်းနဲ့ ဝန်ဆောင်မှုပေးနေပြီး မှတ်ပုံတင်ထားတဲ့ ယာဉ်အစီးရေ ၅,၃၉၉ စီးအနက် ၃,၄၀၀ စီးဝန်းကျင်သာ နေ့စဉ်ပြေးဆွဲနိုင်တယ်လို့ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရပြီး အဲဒီယာဉ်တွေဟာ ခရီးသည် ၁.၈ သန်းဝန်းကျင်ကို နေ့စဉ် ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ဟောင်းတွေ များပြားလာတာ၊ အပိုပစ္စည်း ရှားပါးပြီး ဈေးနှုန်းမြင့်တက်လာတာနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အခက်အခဲတွေကြောင့် ပြေးဆွဲနိုင်တဲ့ ယာဉ်အရေအတွက် လျော့နည်းလျက်ရှိရာ ခရီးသည်တွေအတွက် ယာဉ်လုံခြုံရေးနဲ့ ဝန်ဆောင်မှုအရည်အသွေးကို ထိန်းသိမ်းနိုင်ရေးဟာလည်း စိန်ခေါ် မှုတစ်ခုပဲ ဖြစ်ပါတယ်။

#ရန်ကုန်မြို့တွင်း

#YBSယာဉ်၄

#စံချိန်စံညွှန်းမမှီ

#ယာယီပိတ်ပင်

ဆက်စပ်သတင်းများ

Eastern Thanlwin