Language:

ထိုင်းနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာန သတိပေး


ထိုင်းနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာန သတိပေး

၁၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက်ကစပြီး နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးကြိုးမုန်တိုင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အချို့ဒေသတွေမှာ မိုးကြီးနိုင်တာကြောင့် ရေကြီးရေလျှံမှုနဲ့ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး တောင်ကုန်းဒေသတွေမှာ မြေပြိုမှုအန္တရာယ်ကိုလည်း သတိထားဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာဌာနတွေက သတိပေးထားပါတယ်။

အောက်တိုဘာ ၁၇ ရက် မနက် ၅ နာရီက စတင်အသက်ဝင်တဲ့ သတိပေးချက်အမှတ် ၂၆၀/၂၀၂၆ အရ တရုတ်နိုင်ငံဘက်က ဝင်ရောက်လာတဲ့ လေဖိအားမြင့်စနစ်နဲ့ တောင်တရုတ်ပင်လယ်ဘက်က စိုထိုင်းဆများတဲ့ အရှေ့လေနဲ့ အရှေ့တောင်လေတွေကြောင့် ထိုင်းနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အက်ဒမန်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာလည်း မိုးကြိုးမုန်တိုင်းကျရောက်တဲ့ နေရာတွေမှာ လှိုင်းအမြင့် ၂ မီတာကျော်အထိ ရှိလာနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ ဒါကြောင့် ရေလုပ်သားတွေနဲ့ သင်္ဘောတွေဟာ မိုးကြိုးမုန်တိုင်းကျရောက်နေတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံဟာ စက်တင်ဘာလကတည်းက ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်အထိ ဘေးအန္တရာယ်ကာကွယ်ရေးဌာနရဲ့ စာရင်းတွေအရ ပြည်နယ် ၂၀ နဲ့ ဘန်ကောက်မြို့မှာ ရေကြီးမှုဒဏ် သက်ရောက်နေဆဲ ဖြစ်ပါတယ်။

အခုလို မိုးသည်းထန်နိုင်တဲ့ အခြေအနေကြောင့် ရေကြီးမှုတွေ ပိုမိုဆိုးရွားလာနိုင်သလို တောင်ခြေ၊ မြေနိမ့်ပိုင်းနဲ့ မြစ်ချောင်းရေလမ်းကြောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။

ဖူးခက်ပြည်နယ်မှာလည်း ရေကြီးမှု၊ မုန်တိုင်းနဲ့ မြေပြိုမှုအန္တရာယ်တွေကို တုံ့ပြန်နိုင်ဖို့ အရေးပေါ်စင်တာ ဖွင့်လှစ်ထားပြီး လိုအပ်ပါက ဆဲလ်ဖုန်းအခြေပြု သတိပေးစနစ်ကတစ်ဆင့် ပြည်သူတွေထံ သတိပေးချက်တွေ ပေးပို့နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ အောက်တိုဘာ ၁၈ ရက်ကနေ ၂၀ ရက်အထိ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနိုင်ပြီး အချို့နေရာတွေမှာ မိုးအလွန်သည်းထန်နိုင်ပါတယ်။

အောက်တိုဘာ ၂၁ ရက်ကနေ ၂၅ ရက်အတွင်းမှာတော့ အရှေ့မြောက်ပိုင်းအောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘန်ကောက်မြို့အပါအဝင် အနီးတစ်ဝိုက်ဒေသတွေမှာ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသဌာနကလည်း အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေပြီး နောက်ထပ်သတိပေးချက်ကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းမှာ ထပ်မံထုတ်ပြန်ဖို့ ရှိပါတယ်။

ပြည်သူတွေအနေနဲ့ မိုးလေဝသနဲ့ ရေကြီးမှုဆိုင်ရာ သတိပေးချက်တွေကို အမြဲစောင့်ကြည့်ကြဖို့နဲ့ ပင်လယ်ခရီးသွားမယ့်သူတွေဟာ လှေ၊ သင်္ဘောခရီးစဉ်တွေကို ကြိုတင်စစ်ဆေးပြီး မိုးအခြေအနေဆိုးရွားချိန်မှာ ခရီးသွားလာမှုကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

#မိုးလေဝသ

#မုန်တိုင်း

#ရာသီဥတု

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin