၁၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
မြောက်ကိုရီးယားဟာ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုထားတယ်လို့ ဆိုတဲ့ ရေအောက်တိုက်ခိုက်ရေးလက်နက်သစ် တော်ပီဒိုကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က စနေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
KCNA ရဲ့ ဖော်ပြချက်အရ Zam-2.0 လို့ အမည်ပေးထားတဲ့ အဲဒီတော်ပီဒိုကို ကြာသပတေးနေ့မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ပစ်မှတ်ကို ရှာဖွေဖော်ထုတ်တာနဲ့ ပစ်မှတ်ဆီ တိကျစွာ ဦးတည်သွားနိုင်ဖို့ AI နည်းပညာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
စမ်းသပ်မှုအတွင်း လက်နက်ရဲ့ တွန်းအားပေးစနစ်နဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးခဲ့ပြီး ဆက်စပ်နည်းပညာတွေကိုလည်း လွန်ခဲ့တဲ့ငါးနှစ်အတွင်း အကြိမ် ၁၈၀ ကျော် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။ စမ်းသပ်မှုကို ကာကွယ်ရေးအရာရှိကြီးတွေ တက်ရောက်ကြည့်ရှုခဲ့ပြီး အောင်မြင်မှုရရှိခဲ့တယ်လို့လည်း ကြေညာထားပါတယ်။
ဒါပေမဲ့ တော်ပီဒိုရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး၊ အမြန်နှုန်းနဲ့ AI နည်းပညာကို ဘယ်လိုအသုံးပြုထားသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ မြောက်ကိုရီးယားရဲ့ ပြောဆိုချက်တွေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကြေညာချက်ဟာ ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားက ထုတ်ပြန်တဲ့ ဒုတိယမြောက် ရေတပ်ဆိုင်ရာ လက်နက်စမ်းသပ်မှု ကြေညာချက်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလည်း ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်နှစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောထားပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားဟာ ရေတပ်ကို ခေတ်မီအောင် ပြုပြင်တည်ဆောက်နေပြီး ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောအသစ်တွေ တည်ဆောက်ရေးကိုလည်း အာရုံစိုက်လုပ်ဆောင်နေပါတယ်။
တစ်ဖက်မှာလည်း တောင်ကိုရီးယားက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပျံသန်းနေစဉ် လမ်းကြောင်းပြောင်းလဲနိုင်တဲ့ ဒုံးကျည်သစ်တစ်မျိုးကို စမ်းသပ်ခဲ့ပြီး သမ္မတ လီဂျေမြောင်က ကိုယ်တိုင် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ကျွမ်းကျင်သူတချို့ကတော့ မြောက်ကိုရီးယားရဲ့ လက်နက်သစ်ဟာ ရေအောက်မှာ ပူဖောင်းအလွှာတစ်ခု ဖန်တီးပြီး ပွတ်တိုက်မှုကို လျှော့ချကာ အလွန်မြန်တဲ့နှုန်းနဲ့ သွားလာနိုင်ဖို့ ရည်ရွယ်ထားတဲ့ တော်ပီဒိုအမျိုးအစား ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဒီလိုအမြန်နှုန်းမြင့် လက်နက်တွေကို လမ်းကြောင်းတိကျစွာ ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် လက်တွေ့အသုံးပြုရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားစစ်တပ်ကတော့ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ AI နည်းပညာကို အမှန်တကယ် ဘယ်လောက်အထိ အသုံးပြုထားသလဲ၊ လက်နက်ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ရှိသလဲဆိုတာလည်း လွတ်လပ်တဲ့အတည်ပြုချက် မရရှိသေးပါဘူး။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ လက်နက်စွမ်းရည်တွေ တိုးမြှင့်တည်ဆောက်နေကြချိန်မှာ အခုလို စမ်းသပ်မှုတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း လုံခြုံရေးတင်းမာမှုတွေအပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။

