မန္တလေးမှာ ပြင်းအား ၄.၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ် ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရ
၁၇ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
မန္တလေးမြို့အနီးမှာ ယနေ့ အောက်တိုဘာ (၁၇) ရက်နေ့ နံနက် (၈) နာရီ (၂၅) မိနစ်မှာ (၅၄) စက္ကန့်အချိန်က ပြင်းအား (၄.၀) မဂ္ဂနီကျုအဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါမြေငလျင်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ တောင်-အနောက်တောင်ဘက် (၃) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၅) ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ငလျင်မှာ အသေးစားငလျင်အဆင့်ဖြစ်ပေမယ့် အသံအကျယ်ကြီးနှင့်အတူ ရုတ်တရက် ဆောင့်လှုပ်သွားခဲ့ပြီး ပြတင်းပေါက်၊ တံခါးနှင့် အိမ်တွင်းပစ္စည်းများ လှုပ်ခါသွားကြောင်း ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။ မန္တလေးမြို့မှာ (၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက်နေ့က ပြင်းအား (၇.၇) မဂ္ဂနီကျုရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် လူအသေအပျောက်များနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

