၂၉ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin Media)
ကြည်ညို
ရန်ကုန်မြို့က သီလ၀ါဆိပ်ကမ်းကို စက်သုံးဆီတင်သင်္ဘော ၄ စင်း ရောက်ရှိလာပြီး ဆီချလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ရှိ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ Terminal များသို့ ဇူလိုင် ၂၆ ရက်က စက်သုံးဆီတင်သင်္ဘော ၄ စင်း ဆိုက်ကပ်လာပြီး လက်ရှိတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ။
စက်သုံးဆီတင်သင်္ဘောတွေဟာ Denko , MyatmyitarMon, ပိတောက်ရွှေ၀ါ Terminal တွေမှာ အသီးသီးဆိုက်ကပ်ပြီး ဆီချလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၆ ရက်က ရောက်ရှိလာတဲ့ စက်သုံးဆီတွေအနေနဲ့ သတ်မှတ်ဆီအရည်အသွေး ပြည့်မီမှန်ကန်တာကြောင့် စက်သုံးဆီများကို သက်ဆိုင်ရာ Terminal အသီးသီးရှိ သိုလှောင်ကန်များတွင် သိုလှောင်ထားရှိနိုင်ရေး ဆီချယူခြင်းလုပ်ငန်းများဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။
ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ပြည့်မီရေးနှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် တင်သွင်းဖြည့်တင်းပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
သီလဝါရှိ Terminal များမှ ထုတ်ယူခဲ့တဲ့ စက်သုံးဆီတွေအနေနဲ့ စက်သုံးဆီသယ်ယာဉ်များဖြင့် သတ်မှတ်အရောင်းဆိုင်၊ လုပ်ငန်းများထံ မှန်ကန်စွာ ရောက်ရှိဖို့သယ်ယူပို့ဆောင်မှု လမ်းကြောင်းများကိုလည်း ယာဉ်များတွင်တပ်ဆင်ထားသည့် GPS များမှတဆင့် စောင့်ကြည့်စစ်ဆေးအရေးယူမှုများကို စစ်ဆေးကြပ်မတ်လျက်ရှိတယ်လို့ သိရပါတယ်။

