၁၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ယခုအပတ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေပြီး ပြင်ပငွေကြေး အရောင်းဝယ်ဈေးကွက်၌ အမေရိကန်ဒေါ်လာဈေးက ကျပ် ၄,၆၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ ငွေကြေးစျေးကွက်အတွင်း အရောင်းဝယ်ပြုလုပ်နေသူများထံက သိရပါတယ်။
စျေးကွက်အတွင်း ဒေါ်လာတစ်မျိုးတည်း မြင့်တက်လာတာမဟုတ်ဘဲ တရုတ်ယွမ်၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်ဈေးတွေပါ ပြင်ပစျေးကွက်မှာ ဆက်လက် မြင့်လာတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးတက်လာမှု၊ ဘတ်ဂျက်လိုငွေနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ငွေစက္ကူအသစ်ထုတ်မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ငွေကြေးဈေးကွက်ရဲ့ နောက်တစ်ဆင့်က ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်စရာဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
၂၀၂၁ နောက်ပိုင်းကလို ဒေါ်လာဈေးမြင့်တက်မှုပုံစံမျိုးနဲ့ အတက်လှိုင်းကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာမလားကိုတော့ စောင့်ကြည့်ရမယ်လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ထိုသို့သော် အခြေနေများကြောင့် ဒေါ်လာဈေးအပြောင်းအလဲဟာ ကားဈေး၊ အိမ်ခြံမြေဈေးနဲ့ ကုန်ဈေးနှုန်းတွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ကြီးမားလာမလဲဆိုတာကို ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာစျေးနှုန်း တဟုန်ထိုးမြင့်တက်သွားမှုကြောင့် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းကစားသည်ဟုဆိုကာ နာမည်ကြီးကျော်ဇော အရောင်းအဝယ်သမားများကို ခေါ်ယူစစ်ဆေးမေးမြန်းတာ စောင့်ကြည့်တာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ သတင်းများအရ သိရပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေပြမှု ငွေကျပ် ဘီလီယံ ၉၀၀၀ နီးပါးရှိနေပြီး ဗဟိုဘဏ်ထံမှ ငွေကျပ် ၂၁၀၀ ဘီလီယံချေးယူကာ ကျန်ငွေများကို ငွေတိုက်စာချုပ်နဲ့ လက်မှတ်များ ထုတ်ရောင်းပြီး ဖြည့်ဆည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

