Language:

ဘန်ကောက်မြို့က တုတ်တုတ်ယာဉ်ခ ဘတ် ၄,၀၀၀ တောင်းတဲ့ ယာဉ်မောင်း အွန်လိုင်းမှာ ဝေဖန်ခံနေရ


ဘန်ကောက်မြို့က တုတ်တုတ်ယာဉ်ခ ဘတ် ၄,၀၀၀ တောင်းတဲ့ ယာဉ်မောင်း အွန်လိုင်းမှာ ဝေဖန်ခံနေရ

၁၅ အောက်တိုဘာ ၂၀၂၆

ဇင်ကြီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ The Weeknd ဖျော်ဖြေပွဲအပြီး နိုင်ငံခြားခရီးသွားနှစ်ဦးကို တုတ်တုတ်ယာဉ်မောင်း တစ်ဦးက ယာဉ်စီးခ ဘတ် ၄,၀၀၀ အထိ တောင်းခံခဲ့တဲ့ ဖြစ်စဉ် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပြီးနောက် ဝေဖန်မှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဘန်ကောက်မြို့ရှိ Rajamangala အမျိုးသားအားကစားကွင်းမှာ The Weeknd ဖျော်ဖြေပွဲ ပြီးဆုံးချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တုတ်တုတ်ယာဉ်မောင်းသည် နိုင်ငံခြားခရီးသွားစုံတွဲကို အားကစားကွင်းမှ Sukhumvit Soi 4 ရှိ ဟိုတယ်ကို ပို့ဆောင်ပေးခဲ့ပြီး ခရီးစဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အချိန်ကြာမြင့်တယ်လို့ အကြောင်းပြကာ ယာဉ်စီးခ ဘတ် ၄,၀၀၀ တောင်းခံခဲ့တာပါ။

ယာဉ်စီးခကို ဘတ် ၄,၀၀၀ တောင်းဆိုရာမှာ မရသဖြင့် နောက်ပိုင်းမှာ ဘတ် ၂,၀၀၀ အထိ လျှော့ချပေးသော်လည်း ခရီးသွားစုံတွဲက ဘတ် ၄၀၀ သာ ပေးချေခဲ့ရပြီးနောက် ယာဉ်မောင်းက ခရီးသွား နှစ်ဦးနောက်သို့ ဟိုတယ်အတွင်းအထိ လိုက်သွားကာ ဗီဒီယိုရိုက်ကူးခဲ့ပြီး အွန်လိုင်းပေါ်သို့ တင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါဗီဒီယိုမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယာဉ်စီးခ အဆမတန်တောင်းခံခြင်းဖြစ်ကြောင်း ဝေဖန်သူများရှိသကဲ့သို့ ဖျော်ဖြေပွဲပြီးချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးစဉ်ကြာမြင့်နိုင်သည့်အတွက် ယာဉ်မောင်းဘက်က အခြေအနေကိုလည်း နားလည်ပေးသင့်ကြောင်း ပြောဆိုသူများရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ခရီးစဉ်မစတင်မီ ယာဉ်စီးခကို နှစ်ဖက်သဘောတူညီထားခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ Hua Mak ရဲစခန်း ပြောကြားချက်အရ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရီးသွားစုံတွဲနှင့် ယာဉ်မောင်းတို့အနက် မည်သည့်ဘက်ကမျှ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

#ဘန်ကောက်

#တုတ်တုတ်ယာဉ်ခ

#ဘတ်၄,၀၀၀တောင်း

#ယာဉ်မောင်း

ဆက်စပ်သတင်းများ

Eastern Thanlwin