၂၉ ဇူလှိုင်လ ၂၀၂၆
ဇင်ကြီး
မယ်ဆိုင်မြစ်အတွင်း အမှိုက်ပမာဏ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေတာကြောင့် ထိုင်းဒေသခံတွေအနေနဲ့ စိုမ်းရိမ်ဖွယ်ကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒေသခံတွေ အဆိုအရတော့ ထိုင်း-မြန်မာနယ်စပ်ရေးရာ ပူးပေါင်းကော်မတီ အစည်းအဝေးတွေမှာ မယ်ဆိုင်ချောင်းအတွင်း အမှိုက်စွန့်ပြစ်တဲ့ပြဿနာတွေကို ထည့်သွင်းဆွေးနွေးထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။
မယ်ဆိုင်ချောင်းအတွင်း အမှိုက်စွန့်ပစ်မှုက မယ်ဆိုင်နှင့် တာချီလိတ်ဒေသရှိ ပြည်သူတွေ နှစ်ဖက်စလုံးနှင့် သက်ဆိုင်တဲ့ ပြဿနာဖြစ်တာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းမှသာ ထိရောက်စွာ လျှော့ချနိုင်မည်လို့လည်း ပြောဆိုထားပါတယ်။
ထိုင်းဖက်ကတော့ မယ်ဆိုင်ချောင်းရေကို ဆည်မြောင်းတွေထဲ လွှဲပြောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုနေတာတွေလည်းရှိပြီး အမှိုက်တွေက ထိုင်းဖက်ကို ပိုမိုစီးဝင်လာတယ်လို့ သိရကာ တာချီလိတ်ဒေသခံတွေအနေနဲ့တော့ ချောင်းဧရိယာအတွင်း စိုက်ပျိုးမြေများ များစွာမရှိဘဲ စိုက်ပျိုးရေးအတွက်လည်း တစ်ခြားရေအရင်းမြစ်များကိုသာ
ပိုမိုအသုံးပြုတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေ အနေနဲ့ကတော့ ဘယ်ဘက်ကအမှိုက်တွေကို ပိုစွန့်ပြစ်ကြတယ်လို့ အပြစ်တင်နေတာထက်ဆိုင်ရင် ချောင်းအတွင်း အမှိုက်စွန့်ပစ်မှုကို ထိရောက်စွာတားစီးရန် စည်းမျဥ်းစည်းကမ်းများနဲ့ ပြစ်ဒဏ်များချမှတ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ရေရှည်နည်းလမ်းတွေကို အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်တယ်လို့လည်း သိရပါတယ်။

