၂၉ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းရာ ဇဝတ်တရားရုံးကနေ ဇူလိုင်လ (၂၇) ရက် ရက်စွဲနဲ့ ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ သိရပါတယ်။
BGF တပ်နယ် (၄) ရဲ့ တပ်နယ်မှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပတ်သက်နေလို့ ဖမ်းဆီးဖို့အတွက် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) ရဲ့တင်ပြချက်အရ ရာဇဝတ်တရားရုံးကနေ ဝရမ်းအမှတ် ၄၂၅၇/၂၅၆၅ နဲ့ အခုလို ဖမ်းဝရမ်းထုတ်လိုက်တာပါ။
ဒုဗိုလ်မှူးကြီး စောမုတ်သုန်ဟာ လူနှစ်ဦးထက်မနည်း ပူးပေါင်းပါဝင်တဲ့ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုတွေ ကျူးလွန်ခဲ့သလို၊ လူကုန်ကူးခံရသူတွေကို ထိုင်းနိုင်ငံပြင်ပကို ခိုးထုတ်တာတွေ လုပ်ခဲ့လို့လည်း ထိုင်းဘက်က ဆိုပါတယ်။
၎င်းဟာ မြန်မာ၊ အိန္ဒိယ၊ ဒူဘိုင်း၊ စမုတ်ပရာကန်၊ ဘန်ကောက်နဲ့ တာ့ခ်ခရိုင် (မဲဆောက်) တို့အပါအဝင် ဒေသတွင်းက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနဲ့ ဆက်နွယ်နေတယ်လို့လည်း ဝရမ်းမှာ ဖော်ပြထားပြီး ၎င်းအားတွေ့ပါက ထိုင်းအာဏာပိုင်တွေထံအကြောင်းကြားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အဲဒီ ဖမ်းဝရမ်းရဲ့ သက်တမ်းဟာ (၁၅) နှစ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ပုဒ်မများနဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများအတိုင်း အရေးယူမယ်လို့လည်း သိရပါတယ်။

