Language:

လူမှုကွန်ရက်မှာ နာမည်ကြီး ဆေးဆရာတွေကို စစ်ဆေးဖို့ လွှတ်တော်မှာ တင်ပြ


လူမှုကွန်ရက်မှာ နာမည်ကြီး ဆေးဆရာတွေကို စစ်ဆေးဖို့ လွှတ်တော်မှာ တင်ပြ

၁၃ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

လတ်တလော လူမှုကွန်ရက်မှာ လာရောက်ကုသူတဲ့ လူနာတွေကို ခြေထောက်နဲ့ကန်တဲ့ ဦးနေလင်းအောင်အပါအဝင် နာမည်ကြီး ဆေးဆရာတွေကို သီးခြားစစ်ဆေးသွားဖို့ ကျောက်ကြီးမဲဆန္ဒနယ်က ဦးဟံသာဝင်းက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆေးရုံတွေမှာ ပြင်ပလူနာဌာနကြီးတွေ ဖွင့်ပေးဖို့နဲ့ နိုင်ငံတကာ အဆင့်မီ ကုသမှုခံနိုင်ဖို့ ဒေသဇုန်ကြီးတွေအလိုက် အဆင့်မြင့်အထူးကုဆေးရုံကြီးတွေ ဖွင့်ပေးဖို့ အဆိုနဲ့ပတ်သက်ပြီး ဆွေး နွေးတာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ အွန်လိုင်းပေါ်မှာဆိုရင် ဦးထူးခန့်ကျော်၊ ဒေါ်ခင်စန်းရီ(ရွှေလက်ပိုင်ရှင်)နဲ့ ဦးနေလင်းအောင်တို့ ဆေးကုသတဲ့အချက်အလက် တွေကို သူတို့ရဲ့ဆေးကုသမှု မှတ်တမ်းတွေ၊ လိုင်စင်တွေ၊ ဆေးကုသမှုအထောက်အထားတွေနဲ့ သီးခြားစစ်ဆေးဖို့ လိုအပ်ပါ မယ်။ အဲဒီနေရာမှာ တစ်ခုရှိတာက သူတို့က သူတို့ကိုယ်တိုင် ဆေးကုသခွင့်လိုင်စင်မရှိဘူး၊ သူတို့ဆရာ လိုင်စင်ယူပြီးတော့မှ သူတို့က အောက်က လက်ထောက်အနေနဲ့ ရေမန်းနဲ့ ကုတာ၊ ဆီမန်းနဲ့ ကုတာ၊ လက်ဝါးဇောင်းနဲ့ခုတ်တာ၊ ဒူးနဲ့တိုက်တာ ဒါ တွေနဲ့ ဆေးကုသတဲ့ဟာတွေကိုလည်း စိစစ်ဖို့ တင်ပြလိုပါတယ် ” လို့ ဦးဟံသာဝင်းက ပြောပါတယ်။

ကျေးလက်၊ တောင်တန်းနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ဆေးရုံတွေ မဖွင့်နိုင်တာ၊ အထူးကုဆရာဝန်တွေမရှိတာ၊ ဆေးဝါး နဲ့ အရေးပေါ်လွှဲပြောင်းမှုတွေ ရရှိဖို့ အခက်အခဲတွေ ကြုံတွေ့နေကြရတာကြောင့် လူမှုကွန်ရက်မှာ ကြော်ငြာတဲ့ တရားမဝင် ကုသမှုတွေကိုပဲ အားကိုးနေရတယ်လို့ ဆိုပါတယ်။

“ လူမှုကွက်ရက်ရဲ့ သက်ရောက်မှုအနေနဲ့ Facebookနဲ့ Titok တွေမှာ ကုသတဲ့တွေ့အကြုံတွေ၊ ဆေးဝါးတွေနဲ့ လူတွေကို ဖိန့်တွေလုပ်ပြီး တင်ထားတဲ့ဟာတွေကို ကြည့်ပြီးတော့မှ သွားရောက်ကုသနေတာတွေ အများကြီးရှိပါတယ်။ အဲကုသတဲ့လူ တွေရဲ့ လိုင်စင်တွေရှိ မရှိ၊ ဆေးဝါးမှတ်ပုံတင်တွေ ရှိ မရှိ အထောက်အထားနဲ့ လူနာဘေးကင်းရေးတွေကို သီးခြားစစ်ဆေး သွားဖို့ အရေးကြီးတယ် ” လို့ ဦးဟံသာဝင်းက ပြောပါတယ်။

သွားရောက်ကုသမှုခံတဲ့ လူနာတွေအနေနဲ့ အနည်းဆုံး လူတစ်ယောက်ကို တစ်သိန်းနဲ့ ငါးသောင်းကြား ကုန်ကျပြီး ရပ်ဝေး ကနေ သွားရောက်ကုသတဲ့လူနာတွေဆိုရင် အနည်းဆုံး လေးငါးသိန်းခန့် ကုန်ကျကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်တွေမှာ ဦးနေလင်းအောင်က လာရောက်ကုသမှုခံတဲ့ လူနာတွေကို ခြေထောက်နဲ့ ကန်တဲ့ ရုပ်သံထွက်လာပြီး ဖမ်းဆီးလိုက်တယ်လို့လည်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

#ဆေးဆရာ

#လူမှုကွန်ယက်

#ပြည်သူ့လွတ်တော်

#တရားမဝင်ကုသမှု

#နေပြည်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin