၁၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဉာဏ်ရည်တုနည်းပညာ (AI) မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ထိန်းထားနိုင်ပေမဲ့ စစ်ပွဲတွေ၊ အစိုးရကြွေးမြီတွေနဲ့ ငွေကြေးဖောင်းပွမှုအန္တရာယ်တွေ ဆက်ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောပါတယ်။
IMF ရဲ့ အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၆ ခုနှစ်မှာ ၃.၁ ရာခိုင်နှုန်းနဲ့ ၂၀၂၇ ခုနှစ်မှာ ၃.၄ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်ဟာ ဇူလိုင်လက ခန့်မှန်းထားတဲ့ ၂၀၂၆ ခုနှစ် တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းထက် အနည်းငယ် မြင့်တက်လာတာဖြစ်ပါတယ်။
AI နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုနေပြီး အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတာရဲ့ သက်ရောက်မှုကိုလည်း တစ်စိတ်တစ်ပိုင်း လျော့နည်းစေတယ်လို့ IMF က ဆိုပါတယ်။ AI နဲ့ဆက်စပ်တဲ့ ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တောင်ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ စီးပွားရေးခန့်မှန်းချက်တွေလည်း တိုးတက်လာပါတယ်။
ဒါပေမဲ့ စစ်ပွဲတွေ ကြာရှည်လာရင် စွမ်းအင်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု ပိုမြင့်လာနိုင်သလို ကမ္ဘာ့စီးပွားရေး တိုးတက်မှုလည်း နှေးကွေးသွားနိုင်တယ်လို့ IMF က သတိပေးပါတယ်။
အစိုးရကြွေးမြီတွေ မြင့်တက်လာတာနဲ့ AI ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးအမြတ်အပေါ် ယုံကြည်မှု လျော့နည်းလာတာတွေကလည်း စီးပွားရေးအတွက် အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
IMF ရဲ့ စီးပွားရေးပညာရှင်အကြီးအကဲ ဆီလ်ဗာနာ တန်ရေးရိုးက ကမ္ဘာ့စီးပွားရေးဟာ ဖိအားတွေကြားမှာ ခံနိုင်ရည်ရှိနေဆဲဖြစ်ပေမဲ့ အဲဒီခံနိုင်ရည်အပေါ် ဖိအားတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။
IMF က အစိုးရတွေကို ဘဏ္ဍာရေးအင်အား ပြန်လည်တည်ဆောက်ဖို့၊ စွမ်းအင်လုံခြုံရေး အားကောင်းအောင်လုပ်ဖို့နဲ့ နိုင်ငံတကာကုန်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လင်းနေစေဖို့ တိုက်တွန်းထားပါတယ်။ AI နည်းပညာကို အသုံးချနိုင်ဖို့ အဆင်သင့်ဖြစ်မှု မြှင့်တင်ရေးနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
အခုအစီရင်ခံစာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေတဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

