၁၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
လာအိုနိုင်ငံရှိ တရုတ်နှင့် လာအို ပူးတွဲလေတပ်စခန်း၏ ရည်ရွယ်ချက်များကို ထိုင်းလေတပ်က စောင့်ကြည့်အကဲဖြတ်နေကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ဆဲဆန် ခန်ထှာက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါစခန်းသည် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်များ ရှိနိုင်သဖြင့် ထိုင်းအနေဖြင့် အခြေအနေကို သေချာစောင့်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့် တရုတ်တို့အကြား ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းသိမ်းပြီး နှစ်နိုင်ငံစလုံးနှင့် အကျိုးရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
စက်တင်ဘာ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါစခန်းသည် လာအိုမြို့တော် ဗီယင်ကျန်း၏ မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည်။ စခန်းတွင် လေကြောင်းဆိုင်ရာ လေ့ကျင့်ရေးစင်တာ၊ အကယ်ဒမီနှင့် မီတာ ၂,၀၀၀ ခန့်ရှည်သော ပြေးလမ်းတို့ ပါဝင်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါစခန်းသည် လာအိုလေယာဉ်မှူးများကို လေ့ကျင့်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တတိယနိုင်ငံတစ်နိုင်ငံကို ပစ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားထားသည်။
ထိုင်းလေတပ်၏ ဆုံးဖြတ်ချက်များကို အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆဲဆန်က ပြောသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု တိုးလာခြင်းကိုလည်း ထိုင်းက ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။
ထို့ပြင် ဒုံးကျည်၊ ဒရုန်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကဲ့သို့ ခြိမ်းခြောက်မှုများ တိုးလာခြင်းကြောင့် ထိုင်းလေတပ်အနေဖြင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ကာကွယ်ရေးဘတ်ဂျက်ကို ထိရောက်စွာ စီမံခန့်ခွဲရန်လည်း လိုအပ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

