၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ရုရှားနဲ့ ယူကရိန်းတို့ စွမ်းအင်အပစ်ရပ်ရန် သဘောတူညီခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth Social စာမျက်နှာမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။
အပစ်ရပ်မှုသည် ချက်ချင်းအသက်ဝင်ပြီး နှစ်ဖက်စလုံးက သဘောတူထားသည်ဟု သူက ရေးသားခဲ့သော်လည်း၊ အပစ်ရပ်ရဲ့ အတိုင်းအတာ၊ စောင့်ကြည့်စစ်ဆေးမယ့် နည်းလမ်း၊ သက်တမ်းတို့ကို သူက ထုတ်မပြောခဲ့ဘဲ မော်စကိုဘက်မှလည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသေးကြောင်းနဲ့ ခရင်မလင်နန်းတော်ကလည်း မှတ်ချက်မပေးခဲ့ပေ။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးက ယင်းကြေညာချက်သည် သူ့အတွက်လည်း သတင်းအသစ်ဖြစ်ပြီး၊ ယူကရိန်းသည် အပစ်ရပ်မှုကို ထောက်ခံသော်လည်း အမေရိကန်ဘက်မှ အသေးစိတ်ကို စောင့်ဆိုင်းနေကာ ရုရှားကလည်း လိုက်နာရန် အရေးကြီးသည်ဟုလည်း သူက ပြောပါတယ်။
နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရူတေး၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနဲ့ ဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ဘ်တို့နဲ့ ယင်းကိစ္စကို ဆွေးနွေးခဲ့ပြီး၊ ရုရှားက ယူကရိန်းစွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်မှုရပ်ပါက ယူကရိန်းကလည်း ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်မှုရပ်မည်ဟု ဇီလန်စကီးက ယခင်ကတည်းက ကမ်းလှမ်းထားပါတယ်။
ယင်းကြေညာချက် မတိုင်မီရက်ပိုင်းအတွင်း ထရမ့်သည် ယူကရိန်းအပေါ် ဖိအားအကြီးအကျယ်ပေးခဲ့ပြီး၊ စနေနေ့တွင် သူသည် ရေနံချက်စက်ရုံများကို တိုက်ခိုက်မှုရပ်ရန် ဇီလန်စကီးကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ကာ၊ ရွေးကောက်ပွဲကျင်းပ၍ ခေါင်းဆောင်သစ်ရွေးချယ်ရန်ပင် ပြောဆိုခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒီဇယ်ဈေးများ မြင့်တက်လာပြီး လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ ထိခိုက်နိုင်သည်ဟု သူက ဆိုပါတယ်။ ထောက်လှမ်းရေးမျှဝေမှုနဲ့ လက်နက်ဝယ်ယူရေး အထောက်အပံ့ကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
သောကြာနေ့တွင် ထရမ့်သည် ရုရှားထံမှ ဒီဇယ်တန်ချိန် (၃၀၀,၀၀၀) ကျော် ဝယ်ယူမည့်အစီအစဉ်ကို ကြေညာခဲ့ပြီး၊ ယင်းအပေါ် အမေရိကန်လွှတ်တော်အမတ်များက ဝေဖန်ခဲ့ကြပါသေးတယ်။
ကြေညာချက်ထွက်ပြီးနောက် နာရီပိုင်းအတွင်း ရုရှားသည် ကိယက်ဗ်နဲ့ ခါကိဗ်ရှိ ဓာတ်အားပေးစက်ရုံများကို ထပ်မံတိုက်ခိုက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဇီလန်စကီးက ပြောပါတယ်။
ဇီလန်စကီးကမူ ရုရှားက ရက်ပေါင်း (၆၀) အပစ်ရပ်ရန်သဘောတူပါက ရွေးကောက်ပွဲကျင်းပပေးမည်ဟု တီဗွီအင်တာဗျူးတွင် ပြောခဲ့ပါတယ်။
စက်တင်ဘာလတွင်လည်း ထရမ့်သည် အလားတူစွမ်းအင်အပစ်ရပ်ကြေညာခဲ့ဖူးပြီး နှစ်ဖက်စလုံးက အတည်မပြုခဲ့ဘဲ တိုက်ခိုက်မှုများ ဆက်ဖြစ်ခဲ့ကာ၊ တနင်္လာနေ့နံနက်ဈေးကွက်များတွင် Brent ရေနံစိမ်းဈေးနှုန်းသည် (၂) ရာခိုင်နှုန်းနီးပါးကျဆင်းပြီး တစ်စည်လျှင် ဒေါ်လာ (၁၀၃) ဝန်းကျင်သို့ ရောက်ခဲ့ပါတယ်။
လေ့လာသူများကမူ အသေးစိတ်သဘောတူညီချက်နဲ့ စစ်ဆေးအတည်ပြုနိုင်မည့်စနစ် မရှိဘဲ ကြေညာချက်တစ်ခုတည်းဖြင့် အပစ်ရပ်မည်မှာ အမှန်တကယ်တည်တံ့မည်ဟု မပြောနိုင်သေးကြောင်း သုံးသပ်ထားကြပြီး၊ ယခုကြေညာချက် အမှန်တကယ်အသက်ဝင်မည်လားဆိုသည်ကို နှစ်ဖက်စလုံး၏ လုပ်ရပ်များဖြင့်သာ သိနိုင်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
#ရုရှား-ယူကရိန်း

