Language:

ထိုင်းနိုင်ငံသားများကို အမည်ခံ ကုမ္ပဏီများဖြင့် ဝယ်ယူထားသော ဘန်ကောက်က ဇိမ်ခံအိမ် ၉၄ လုံး ရဲဝင်စီး၊ ၁၁ ဦး ဖမ်းဆီးရမိ


ထိုင်းနိုင်ငံသားများကို အမည်ခံ ကုမ္ပဏီများဖြင့် ဝယ်ယူထားသော ဘန်ကောက်က ဇိမ်ခံအိမ် ၉၄ လုံး ရဲဝင်စီး၊ ၁၁ ဦး ဖမ်းဆီးရမိ

၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ဇိမ်ခံအိမ်ရာစီမံကိန်း ၄ ခုက အိမ် ၉၄ လုံးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီအိမ်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘတ် ၆ ဘီလီယံကျော်ရှိပြီး စီးနင်းမှုအတွင်း နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၁၀ ဦးနဲ့ အမေရိကန်နိုင်ငံသား ၁ ဦး ပါဝင်ပြီး ကျန်တဲ့ နိုင်ငံခြားသား ၈၆ ဦးကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒီအိမ်တွေကို ကုမ္ပဏီ ၉၅ ခုနဲ့ ဝယ်ယူထားတာဖြစ်ပြီး၊ အဲဒီကုမ္ပဏီတွေမှာ ထိုင်းနိုင်ငံသားတွေကို အမည်ခံရှယ်ယာရှင်တွေအဖြစ် ထားရှိခဲ့တာပါ။ အိမ်နဲ့ မြေကွက်တွေရဲ့ စုစုပေါင်းအကျယ်အဝန်းဟာ ရိုင် ၃၃ ကျော် ရှိပါတယ်။

အကြီးဆုံး စီမံကိန်းကတော့ ခရွန်ထပ်ခရီထာ ဖြစ်ပြီး အိမ် ၃၅ လုံး ပါဝင်ကာ တန်ဖိုးအားဖြင့် ဘတ် ၂ ဒဿမ ၈ ဘီလီယံ ရှိပါတယ်။ ရာမ ၉၊ သီရိနခရင် စီမံကိန်းမှာတော့ အိမ် ၂၉ လုံးပါဝင်ပြီး တန်ဖိုး ဘတ် ၁ ဒဿမ ၆ ဘီလီယံ ရှိပါတယ်။ ဘန်နာဘက်က စီမံကိန်းနှစ်ခုမှာတော့ အိမ် ၃၀ ပါဝင်ပြီး တန်ဖိုး ဘတ် ၁ ဒဿမ ၆ ဘီလီယံ ရှိပါတယ်။

ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေဟာ မြေကို မိမိအမည်နဲ့ တိုက်ရိုက်ပိုင်ဆိုင်ခွင့် မရှိတာကြောင့် အချို့သူတွေက ကုမ္ပဏီထောင်ပြီး အမည်ခံအသုံးပြုကာ ဝယ်ယူခဲ့ကြတာပါ။ ခု စစ်ဆင်ရေးဟာ အမည်ခံကွန်ရက်တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးရဲ့ အဆင့် ၈ လည်း ဖြစ်ပါတယ်။

ထိုင်းရဲတွေဟာ စစ်ဆင်ရေးအဆင့်အားလုံးမှာ ကုမ္ပဏီ ၂၉၇ ခုမက စစ်ဆေးခဲ့ပြီး ဖမ်းဝရမ်း ၂၃၈ စောင် ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိသူအချို့ဟာ တရုတ်အာဏာပိုင်တွေ အလိုရှိနေသူတွေဖြစ်သလို၊ အချို့ကတော့ အင်တာပိုရဲ့ အနီရောင်သတိပေးချက် ထုတ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေလည်း ပါဝင်နေပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးကလည်း ပူးပေါင်းစစ်ဆေးနေတာကြောင့် ဒီငွေတွေ ဘယ်လမ်းကြောင်းကနေ ဝင်လာသလဲဆိုတာကို ရဲတွေက လိုက်လံစစ်ဆေးသွားမှာပါ။ စီးနင်းမှုအတွင်းမှာ ကုမ္ပဏီစာရွက်စာတမ်းတွေ၊ ကွန်ပျူတာတွေနဲ့ ဖုန်းတွေကို သိမ်းဆည်းခဲ့ပြီး အဲဒီအချက်အလက်တွေကို စစ်ဆေးကာ နောက်ကွယ်က လူတွေနဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ အိမ်အချို့မှာ လူမနေဘဲ အလွတ်ဖြစ်နေပြီး အချို့အိမ်တွေကိုတော့ တစ်လကို ဘတ် ၃၅၀,၀၀၀ အထိ ငှားရမ်းထားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးဟာ တရားဝင် ရင်းနှီးမြှုပ်နှံသူတွေကို ရည်ရွယ်တာ မဟုတ်တာကြောင့် ဥပဒေကို လိုက်နာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ စိုးရိမ်စရာမလိုဘူးလို့လည်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။

#ထိုင်းနိုင်ငံသား

#အမည်ခံကုမ္ပဏီ

#ဇိမ်ခံအိမ်

#ဘန်ကောက်

#စာရွက်စာတမ်း

#၁၁ဦးဖမ်းဆီးရမိ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin