၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ အားအကောင်းဆုံးအခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်က သတိပေး ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ လာမယ့် ဆောင်းရာသီနဲ့ နွေရာသီအတွင်း အပူချိန်မြင့်တက်တာ၊ မိုးရွာသွန်းမှု နည်းပါးတာနဲ့ ရေရှားပါးမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ပါတယ်။
အယ်လ်နီညိုဆိုတာ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုအခြေအနေတွေ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေကို သက်ရောက်စေနိုင်ပြီး နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ခန့်မှန်းချက်တွေအရ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အားအကောင်းဆုံးအခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွက် အဓိက သတိပြုရမယ့်အချက်ကတော့ လာမယ့် ဆောင်းရာသီနဲ့ နွေရာသီအတွင်း အပူချိန်မြင့်တက်လာနိုင်တာနဲ့ ရေရှားပါးမှုတွေ ဖြစ်ပေါ်လာနိုင်တာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းနဲ့ ရေကန်တွေမှာ ရေနည်းပါးလာနိုင်သလို သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ရေမလုံလောက်တာတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။
အပူချိန်မြင့်တက်လာတဲ့အခါ အပူရှပ်တာနဲ့ ရေဓာတ်ခမ်းခြောက်တာလို ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်တဲ့ အပြင် သောက်သုံးရေ မလုံလောက်မှုနဲ့ သန့်ရှင်းတဲ့ရေ ရရှိရေးအခက်အခဲတွေကြောင့် ဝမ်းပျက်ဝမ်းလျှောလို ရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း သတိပြုဖို့ လိုပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာလည်း မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာနဲ့ ရေရှားပါးမှုတွေကြောင့် သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေအပေါ် သက်ရောက်လာနိုင်တာကြောင့် တောင်သူတွေအနေနဲ့ ရေအသုံးပြုမှုကို စနစ်တကျ စီမံထားဖို့ ရာသီဥတုအခြေအနေအလိုက် စိုက်ပျိုးရေးအစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက တိုက်တွန်းပြောကြားထားပါတယ်။
အလားတူ ရေလှောင်တမံတွေမှာ ရေဝင်ရောက်မှုနည်းပါးလာပါက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရာမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါပေမဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရာသီဥတုအခြေအနေ တစ်ပုံစံတည်း ဖြစ်လာမယ်လို့တော့ မဆိုနိုင်ဘဲ ဒေသအလိုက် အပူချိန်နဲ့ မိုးရွာသွန်းမှုပုံစံတွေ ကွာခြားနိုင်တာကြောင့် သက်ဆိုင်ရာ မိုးလေဝသဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
အယ်လ်နီညိုရဲ့ အားအကောင်းဆုံးကာလကို ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်အရ လာမယ့် လပိုင်းတွေမှာ အပူချိန်၊ ရေအသုံးပြုမှုနဲ့ စိုက်ပျိုးရေးအခြေအနေတွေကို ပိုမိုအလေးထားစောင့်ကြည့်ဖို့ လိုအပ်နေပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခြင်းက ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို လျှော့ချနိုင်ဖို့ အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက အထူးသတိပေးထားပါတယ်။
#မိုး/ဇလ

