၁၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့အနီးရှိ အဆောင်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အိုက်စ်မူးယစ်ဆေး ၂၈၀ ကီလိုဂရမ်ခန့် သိမ်းဆည်းရမိပြီး အခန်းငှားနေသူမှာ မြန်မာနိုင်ငံသား ရှမ်းလူမျိုး အမျိုးသားတစ်ဦးဖြစ်ကာ တရားခံကိုတော့ ဖမ်းဆီးရမိမှုမရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၇ နာရီခွဲခန့်မှာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ၅ မှုခင်းစုံစမ်းရေးအဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး သက်ဆင် ချန်တာဝေါင် ဦးဆောင်တဲ့အဖွဲ့ဟာ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်မြို့နယ်၊ ဆန်ဖရာနက်ဒေသ၊ မယ်ခေါကျေးရွာအတွင်းရှိ အဆောင်တစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။
ရှာဖွေမှုအတွင်း အိုက်စ်မူးယစ်ဆေးထုပ် ၂၈၀ ခန့်ကို တွေ့ရှိခဲ့ပြီး စုစုပေါင်းအလေးချိန် ၂၈၀ ကီလိုဂရမ်ခန့်ရှိတယ်လို့ သိရပါတယ်။
အဆောင်ပိုင်ရှင်ကို မေးမြန်းရာမှာ အခန်းငှားနေသူဟာ မြန်မာနိုင်ငံသား ရှမ်းလူမျိုး အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အဲဒီအမျိုးသားကို ဖမ်းဆီးနိုင်ဖို့ လိုက်လံရှာဖွေနေပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်။

