Language:

မယ်ဆိုင်ဘုန်းကြီးကျောင်းက လူဦးရေစာရင်း မသမာမှုများ စစ်ဆေးရာ မြန်မာရဟန်း ၁၉ ပါး တွေ့ရှိ


မယ်ဆိုင်ဘုန်းကြီးကျောင်းက လူဦးရေစာရင်း မသမာမှုများ စစ်ဆေးရာ မြန်မာရဟန်း ၁၉ ပါး တွေ့ရှိ

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အောက်တိုဘာ ၉ ရက်က ဝင်ရောက် စစ်ဆေးခဲ့ရာ နေထိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများနဲ့ မကိုက်ညီတဲ့ မြန်မာနိုင်ငံသား ရဟန်း ၁၉ ပါးကို တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

စစ်ဆေးမှုအတွင်း ရဟန်း ၂၆ ပါး အပါအဝင် ကျောင်းနဲ့ ဆက်စပ်သူ ၃ ဦးကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ရဟန်း ၄ ပါး၊ လူဦးရေစာရင်းမှာ တရားမဝင် နေထိုင်တဲ့ ရဟန်း ၂ ပါး၊ နံပါတ် ၈ နဲ့ စတင်တဲ့ မှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားတဲ့ ရဟန်း ၁ ပါးနဲ့ မြန်မာနိုင်ငံသား ရဟန်း ၁၉ ပါးတို့ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ရဟန်း ၁၉ ပါးအနက် ၈ ပါးမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေပြီး ကျန် ၁၁ ပါးမှာ တရားမဝင် ဝင်ရောက်နေထိုင်သူများဖြစ်တယ်လို့ ဆိုပါတယ်။

ထို့ပြင် ကျောင်းထိုင်ဆရာတော်ကိုလည်း နိုင်ငံခြားသားများအား နေထိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများနဲ့ မညီဘဲ လက်ခံထားရှိမှု၊ လူဦးရေစာရင်းဆိုင်ရာ မသမာမှုများနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆေးမှုမှာ ဇွန် ၂၃ ရက်က မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဂိတ်ကနေ ဘတ်ငွေ ၂၃,၀၂၃,၀၀၀ သိမ်းဆည်းရမိခဲ့တဲ့ အမှုနဲ့ ဆက်စပ်နေတာလို့လည်း သိရပါတယ်။

ယင်းအမှုမှ တစ်ဆင့် ငွေသားသယ်ဆောင်လာသူ၏ မှတ်ပုံတင်အချက်အလက်များကို စုံစမ်းစစ်ဆေးရာမှ ၎င်းသည် အဆိုပါ ဘုန်းကြီးကျောင်းမှာ နေထိုင်ခဲ့ဖူးသူလို့ ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် ကျောင်းမှာ နေထိုင်သူ ရဟန်းများနဲ့ ဆက်စပ်သူတွေရဲ့ အထောက်အထားများကို ဆက်လက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုများမှာ လူဦးရေစာရင်းဆိုင်ရာ မသမာမှုများ၊ တရားဝင်မှတ်ပုံတင် မရှိသူများကို မှတ်ပုံတင်ခွင့်ရရှိစေရန် မမှန်မကန်ဆောင်ရွက်မှုများနဲ့ ထိုင်းနိုင်ငံသားစိစစ်ရေးကဒ်များကို ဥပဒေနဲ့ မညီဘဲ ရယူအသုံးပြုမှုများ ရှိ၊ မရှိကိုပါ စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမှုနဲ့ ဆက်စပ်သူတွေရဲ့ အထောက်အထားများ အပါအဝင် နေထိုင်ခွင့် အခြေအနေများကို ထိုင်းအာဏာပိုင်များက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#မယ်ဆိုင်ဘုန်းကြီးကျောင်း

#လူဦးရေစာရင်း

#မသမာမှုများ

#စစ်ဆေးရာ

#မြန်မာရဟန်း၁၉ပါး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin