Language:

ကျိုင်းတုံ–တာချီလိတ်လမ်းပေါ်က မိုင်းဖြတ် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပိတ်သိမ်းရန် အစီအစဉ်မရှိ


ကျိုင်းတုံ–တာချီလိတ်လမ်းပေါ်က မိုင်းဖြတ် ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပိတ်သိမ်းရန် အစီအစဉ်မရှိ

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ရှိ ကျိုင်းတုံ–တာချီလိတ်လမ်းပေါ်က တိုးချဲ့ပူးပေါင်းစစ်ဆေးရေးဂိတ်ကို လတ်တလော ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ပြောဆိုလိုက်ပါတယ်။

မိုင်းဖြတ်မြို့နယ်ရှိ တိုးချဲ့ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်အား ပြန်လည်ဖြေလျော့ပေးစေခြင်းအားဖြင့် ပြည်သူလူထုများရဲ့ ဝန်ဆောင်မှု လုပ်ငန်းများ လျင်လျင်မြန်မြန် တိုးတက်လာစေခြင်း ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ဖြေလျော့စေခြင်း ကုန်စျေးနှုန်းမြင့်မားလာမှု ထိန်းသိမ်းပေးစေခြင်း အချိန်မရွေးလွယ်ကူစွာ သွားလာအဆင်ပြေလာစေခြင်းနဲ့ လူနေမှုဘဝ စီးပွားရေး ဘဝ ပိုမိုဖွံဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ထိုစစ်ဆေးရေးဂိတ်အား ဖြေလျှော့ပေးရန် ရှိ/မရှိ မိုင်းဖြတ်မြို့နယ် ကိုစားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဂိတ်ကို ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန်ထိ ၎င်းစစ်ဆေးရေးဂိတ်ဟာ နှစ်ရှည်ကြာ ဆက်လက်ရပ်တည်လာခဲ့ရာ မိုင်းဖြတ်ဒေသခံတွေက အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ကျိုင်းတုံနဲ့ တာချီလိတ်မြို့တို့မှ သယ်ဆောင်ဝယ်ယူနေရသဖြင့် ဂိတ်စစ်ဆေးမှုများမှာ အချိန်ကြန့်ကြာမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဦးညွန့်ဝင်းက မေးမြန်းခဲ့ပါတယ်။

“မိုင်းဖြတ်မြို့ဟာ ဒေသထွက်ကုန် မလုံလောက်တဲ့အတွက် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ကျိုင်းတုံနဲ့ တာချီလိတ်မြို့တို့ကနေ ဝယ်ယူသယ်ဆောင်နေရပါတယ်။ စစ်ဆေးရေးဂိတ်ရှိနေတဲ့အတွက် ခရီးသွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အချိန်ကြန့်ကြာမှုတွေရှိပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီစစ်ဆေးရေးဂိတ်ကို ဘယ်အချိန်မှာ ပြန်လည် ဖြေလျှော့ပေးနိုင်မလဲဆိုတာ သိရှိလိုပါတယ်”ဟု မိုင်းဖြတ်မြို့နယ် ကိုစားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ပြောဆိုလိုက်တာပါ။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ အောက်တိုဘာလ(၉)ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်းရဲ့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ဖြေကြားခဲ့တာပါ။

အဆိုပါဂိတ်သည် မြန်မာ-လာအိုနယ်စပ်အနီးရှိ ကျိုင်းလတ်ဒေသနှင့် တရုတ်နယ်စပ်အနီး မိုင်းယောင်း၊ မိုင်းခုတ်ဒေသတို့မှ လာရောက်တဲ့ လူနဲ့ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရာ လမ်းကြောင်းမှ, တည်ရှိနေတယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသများမှ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာမှုကို တားဆီးရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းသွားလာလို့ လုံခြုံရေးကို အထူးဂရုပြုစစ်ဆေးနေရတဲ့အတွက် ဂိတ်ကို ဆက်လက်ထားရှိရန် လိုအပ်တာလို့ ဆိုပါတယ်။

ဂိတ်ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေနဲ့ ကုန်စည်များ အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဖြတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်က ဒေသခံများ၏ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန် စစ်ဆေးရေးဂိတ်ကို ဖြေလျှော့ပေးရန် တင်ပြထားသော်လည်း လုံခြုံရေးအခြေအနေများကြောင့် လတ်တလော ပိတ်သိမ်းရန် အစီအစဉ် မရှိဟု ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

#မိုင်းဖြတ်

#ပူးပေါင်းစစ်ဆေးရေးဂိတ်

#ပိတ်သိမ်းရန်

#အစီအစဉ်မရှိ

#နယ်လုံဝန်ကြီးပြောကြား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin