Language:

ကထောင့်ဆိုင် မီးလောင်မှု ဆိုင်ပိုင်ရှင်အမျိုးသမီးကို မီးပေါ့ဆမှုအပါအဝင် မူးယစ်မှုနဲ့ပါ အမှုဖွင့်ထား


ကထောင့်ဆိုင် မီးလောင်မှု ဆိုင်ပိုင်ရှင်အမျိုးသမီးကို မီးပေါ့ဆမှုအပါအဝင် မူးယစ်မှုနဲ့ပါ အမှုဖွင့်ထား

၁၀ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်မှ ဘိန်းစာအရွက်နှင့် ဘိန်းစာရွက်ပြုတ်ရည်ဗူးများအပါအဝင် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို မူးယစ်ပုဒ်မ၊ မီးပေါ့ဆမှုများနဲ့ အမှုဖွင့်အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းဆီသိရပါတယ်။

အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲ (၃) နာရီခန့်မှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်က ရွှေမြို့တော်ကားဂိတ်အနီးရှိ အိမ်အမှတ် (ခ/၂၅၄) ရှိ မတင်ဇာအိရဲ့ ဆိုင်ခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တာချီလိတ်မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ မီးသတ်ယာဉ် (၂) စီး နှင့် သွားရောက်ခဲ့ပြီး (၅) မိနစ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနဆီကသိရပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့နေရာကို တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး မီးလောင်တဲ့နေရာအတွင်းမှာ ဘိန်းစာရွက် (၂) ကီလိုဂရမ်ခန့်၊ ဘိန်းစာရွက်ပြုတ်ရည်ဗူး (၅၀) လီတာခန့်၊ ချောင်းဆိုးပျောက်ဆေးရည် (၄၅) ဗူးတို့နှင့် ဘိန်းစာရွက်ပြုတ်ရည်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရ မိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ပစ္စည်းများရဲ့ ဒေသပေါက်ဈေးမှာ ဘိန်းစာရွက်(၂)ကီလိုတန်ဖိုးမှာ မြန်မာကျပ်ငွေ (၁) သိန်း၊ ဘိန်းစာရွက်ပြုတ်ရည်ဗူး (၅၀) လီတာခန့်တန်ဖိုးမှာ မြန်မာကျပ်ငွေ (၁၀) သိန်းခန့်နှင့် ချောင်းဆိုးပျောက်ဆေးရည် (၄၅)ဗူးများရဲ့ တန်ဖိုးမှာ မြန်မာကျပ်ငွေ (၄) သိန်းကျော်ရှိပြီး စုစုပေါင်း မြန်မာကျပ်ငွေ (၁၅) သိန်းကျော် တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ဝင်များရဲ့ သတင်းအချက်အလက်တွေ အရသိရပါတယ်။

အဆိုပါတရားမဝင် ဘိန်းစားရွက်ရောင်းချနေတဲ့ ဆိုင်အတွင်းမှပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့တဲ့ ဆိုင်ပိုင်ရှင် မတင်ဇာအိ (ခ) လီလီကို တာချီလိတ်မြို့မရဲစခန်းမှာ မယ(ပ) ၅၆/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့်ထားတဲ့အပြင် မီးလောင်မှုနှင့် ပတ်သက်ပြီးတော့လည်း (ပ) ၁၇၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရပါတယ်။

#မီးပေါ့ဆမှု

#မူးယစ်မှု

#ကထောင်ဆိုင်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin