၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံကို ဆက်သွယ်ထားတဲ့ ၅၀၀ ကီလိုဗို့ လျှပ်စစ်ဓာတ်အားလိုင်းကနေ လျှပ်စစ်ပို့လွှတ်မှုပမာဏဟာ အောက်တိုဘာ ၈ ရက်နေ့မှာ ကီလိုဝပ်နာရီ ၁ ဘီလီယံကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။
ဒီပမာဏဟာ လျှပ်စစ်ဓာတ်အားလိုင်း စတင်လည်ပတ်ပြီးနောက် ရရှိခဲ့တဲ့ မှတ်တမ်းသစ်တစ်ခုလည်း ဖြစ်ကာ အဲဒီလျှပ်စစ်ဓာတ်အားလိုင်းကို ဧပြီ ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး ၅၀၀ ကီလိုဗို့အဆင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဆက်သွယ်ရေးစီမံကိန်းလည်း ဖြစ်ပါတယ်။
လိုင်းဖွင့်လှစ်တဲ့နေ့မှာပဲ လာအိုနိုင်ငံမြောက်ပိုင်းက နေရောင်ခြည်စွမ်းအင်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဆီ စတင်ပို့လွှတ်နိုင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ဓာတ်အားစနစ်ထဲကို ပြည်ပက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတစ်ခုကနေ လျှပ်စစ်စတင်ဝင်ရောက်လာတဲ့ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် သြဂုတ် ၆ ရက်နေ့မှာလည်း လာအိုနိုင်ငံက ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံရဲ့ ကွမ်တုန်း၊ ဟောင်ကောင်နဲ့ မကာအိုဒေသအထိ ပို့လွှတ်နိုင်ခဲ့ပါတယ်။
ဒီလျှပ်စစ်ဓာတ်အားလိုင်းဟာ စုစုပေါင်း ၁၇၇ ဒသမ ၅ ကီလိုမီတာ ရှည်လျားပြီး လာအိုဘက်ခြမ်းကို လာအိုလျှပ်စစ်ပို့လွှတ်ရေးကုမ္ပဏီက တည်ဆောက်ခဲ့သလို တရုတ်ဘက်ခြမ်းကိုတော့ တရုတ်တောင်ပိုင်း ဓာတ်အားကုမ္ပဏီက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
အဓိက လျှပ်စစ်အရင်းအမြစ်တွေထဲမှာ လာအိုနိုင်ငံမြောက်ပိုင်း အူဒုံဆိုင်းပြည်နယ်က မဂ္ဂါဝပ် ၁,၀၀၀ ထုတ်လုပ်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်စက်ရုံလည်း ပါဝင်ပါတယ်။
တောင်ကုန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဒီစက်ရုံမှာ နေရောင်ခြည်စွမ်းအင်ပြား ၂ သန်းကျော် တပ်ဆင်ထားပြီး တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁ ဒသမ ၆၅ ဘီလီယံခန့် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
အခုလျှပ်စစ်ဓာတ်အားလိုင်းဟာ နှစ်နိုင်ငံကြား မဂ္ဂါဝပ် ၁,၅၀၀ အထိ လျှပ်စစ်ပို့လွှတ်နိုင်စွမ်းရှိပြီး တစ်နှစ်ကို သန့်ရှင်းတဲ့ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃ ဘီလီယံခန့် ပို့လွှတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
လာအိုအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒီစီမံကိန်းဟာ နိုင်ငံမြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ လျှပ်စစ်ပြတ်တောက်မှုတွေကို လျှော့ချရာမှာ အထောက်အကူပြုနေတယ်လို့ သိရပါတယ်။
စီမံကိန်းအကောင်အထည်ဖော်ရာမှာလည်း လာအိုအလုပ်သမား ၅၀၀ ကျော်ကို နည်းပညာဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပါတယ်။
အဲဒီနေရောင်ခြည်စွမ်းအင်စက်ရုံဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး တစ်နေရာတည်းတည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်စက်ရုံဖြစ်ပြီး တောင်ကုန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ လာအိုနိုင်ငံရဲ့ ပထမဆုံး အကြီးစားစီမံကိန်းလည်း ဖြစ်ပါတယ်။
ခြောက်သွေ့ရာသီမှာ နေသာတဲ့နေ့တွေဆိုရင် တစ်ရက်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၅ သန်းကျော်အထိ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီ ၄၀ ကျော်နဲ့ လာအိုဒေသခံကုမ္ပဏီ ၃၀ ကျော် ပါဝင်ခဲ့ပါတယ်။
ရှေ့ဆက်ပြီး တရုတ်နဲ့ လာအိုနှစ်နိုင်ငံဟာ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပူးတွဲစီမံခန့်ခွဲတာ၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတွေကို ထိန်းသိမ်းတာနဲ့ လျှပ်စစ်ဓာတ်အား အရောင်းအဝယ်ကို ဈေးကွက်စနစ်နဲ့ ဆောင်ရွက်တာတွေကို ပိုမိုတိုးချဲ့သွားဖို့ ရှိပါတယ်။
အရေးပေါ်အခြေအနေတွေမှာ အပြန်အလှန်တုံ့ပြန်နိုင်ရေးနဲ့ သန့်ရှင်းတဲ့ စွမ်းအင်အသုံးပြုမှုကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်ကတည်းက လျှပ်စစ်ဓာတ်အား အပြန်အလှန်ဖလှယ်မှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ စုစုပေါင်းပမာဏ ကီလိုဝပ်နာရီ ၁ ဒသမ ၆ ဘီလီယံကျော် ရှိခဲ့ပါတယ်။
ဒါကြောင့် အခုလျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်မှုဟာ လာအိုနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ပေးနိုင်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခုအဖြစ် နှစ်နိုင်ငံစလုံးက ရှုမြင်ထားကြပါတယ်။
လျှပ်စစ်စီမံကိန်းနဲ့အတူ ဒေသခံလူမှုအသိုင်းအဝိုင်းအတွက်လည်း မူလတန်းကျောင်းတစ်ကျောင်းနဲ့ ဘာသာစကားနှစ်မျိုးနဲ့ ဖတ်ရှုနိုင်တဲ့ စာဖတ်ခန်း ၅ ခန်းကို တည်ဆောက်ပေးခဲ့ပါတယ်။
ဒါ့အပြင် မတ်လအတွင်းမှာလည်း သန့်ရှင်းစွမ်းအင်ဆိုင်ရာ စံနှုန်းသုတေသနအင်စတီကျုကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ နှစ်နိုင်ငံပူးပေါင်းဖွင့်လှစ်ခဲ့ပါတယ်။

