Language:

ထိုင်းနိုင်ငံက နိုင်ငံခြားသားများအပါအဝင် လေကြောင်းခရီးသည်တိုင်းကို ထွက်ခွာခွန် ဘတ် ၁,၀၀၀ ကောက်ခံရန် စဉ်းစားနေ


ထိုင်းနိုင်ငံက နိုင်ငံခြားသားများအပါအဝင် လေကြောင်းခရီးသည်တိုင်းကို ထွက်ခွာခွန် ဘတ် ၁,၀၀၀ ကောက်ခံရန် စဉ်းစားနေ

၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ နိုင်ငံခြားထွက်ခွာမယ့် ခရီးသည်တိုင်းကို တစ်ကြိမ်လျှင် ဘတ် ၁,၀၀၀ ထွက်ခွာခွန် ကောက်ခံဖို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဘတ် ၁,၀၀၀ ဟာ ဒေါ်လာ ၂၈ ဝန်းကျင်နဲ့ ညီမျှပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ ၁၉၈၃ ခုနှစ်ကတည်းက အသုံးပြုလာတဲ့ ထွက်ခွာခွန်ဆိုင်ရာ ဥပဒေဟောင်းကို အစားထိုးဖို့ ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းအသစ်ထဲမှာ ပါဝင်တာဖြစ်ပြီး၊ လက်ရှိမှာ အများပြည်သူရဲ့ သဘောထားမှတ်ချက်တွေကို လက်ခံနေပါတယ်။

ထိုင်းအခွန်ဦးစီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ဥပဒေမူကြမ်းရဲ့ အခြေခံမူတွေကို ထုတ်ပြန်ခဲ့ပြီး၊ အများပြည်သူ သဘောထားပေးနိုင်မယ့် နောက်ဆုံးရက်ကို အောက်တိုဘာ ၂၉ ရက်အထိ သတ်မှတ်ထားပါတယ်။

အဆိုပြုထားတဲ့ ဥပဒေအရ ထွက်ခွာခွန်ကို အစပိုင်းမှာ ဘတ် ၁,၀၀၀ သတ်မှတ်ထားပေမယ့် အနာဂတ်မှာ တစ်ကြိမ်လျှင် အများဆုံး ဘတ် ၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံနိုင်ဖို့ သတ်မှတ်ထားပါတယ်။

အဓိကအချက်ကတော့ ဒီခွန်ဟာ နိုင်ငံသားဖြစ်မှု၊ နေထိုင်ခွင့် ဒါမှမဟုတ် ဗီဇာအမျိုးအစားပေါ်မူတည်ပြီး ခွဲခြားကောက်ခံမှာ မဟုတ်ဘဲ ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ ထွက်ခွာသူတွေကို အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဥပဒေမူကြမ်းအရ ထိုင်းနိုင်ငံကနေ နိုင်ငံတကာလေကြောင်းခရီးစဉ်နဲ့ ထွက်ခွာမယ့် ခရီးသည်တွေဟာ အဓိကအားဖြင့် ထွက်ခွာခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံခြားသား ခရီးသွားတွေ၊ ရေရှည်နေထိုင်သူတွေ၊ Digital Nomad တွေအပြင် ထိုင်းနိုင်ငံသားတွေပါ ဒီခွန်နဲ့ အကျုံးဝင်နိုင်ပါတယ်။

လက်မှတ်ဝယ်ယူတဲ့အချိန်မှာ လေကြောင်းလိုင်းတွေကနေတစ်ဆင့် ဒီခွန်ကို တစ်ပါတည်း ကောက်ခံသွားဖို့လည်း စီစဉ်ထားပါတယ်။

ဒါပေမဲ့ အသက် ၂ နှစ်နဲ့အောက် ကလေးတွေ၊ သတ်မှတ်ထားတဲ့ လေဆိပ် Transit Zone အတွင်းမှာပဲ နေပြီး နိုင်ငံအတွင်း ဝင်ရောက်ခြင်းမရှိတဲ့ Transit ခရီးသည်တွေ၊ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်အမှုထမ်းတွေကိုတော့ ကင်းလွတ်ခွင့်ပြုထားပါတယ်။

လက်ရှိဥပဒေမူကြမ်းမှာတော့ လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာသူတွေကိုပဲ ထွက်ခွာခွန် ကောက်ခံဖို့ သတ်မှတ်ထားပြီး ကုန်းလမ်းနဲ့ ရေကြောင်းကနေ ထိုင်းနိုင်ငံကနေ ထွက်ခွာသူတွေကို ကင်းလွတ်ထားပါတယ်။

ဒါကြောင့် ထိုင်း-မြန်မာ၊ ထိုင်း-လာအိုနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွေကို ကား၊ ဘတ်စ်ကား ဒါမှမဟုတ် ရထားနဲ့ ဖြတ်ကျော်ထွက်ခွာမယ့် ခရီးသည်တွေဟာ လက်ရှိမူအရ ဘတ် ၁,၀၀၀ ထွက်ခွာခွန် ပေးဆောင်ရမှာ မဟုတ်ပါဘူး။

အထူးသဖြင့် ဗီဇာသက်တမ်းတိုးဖို့ အိမ်နီးချင်းနိုင်ငံတွေကို ကုန်းလမ်းကနေ သွားလာနေတဲ့ ရေရှည်နေထိုင်သူတွေအတွက် ဒီအချက်က သက်သာစေနိုင်ပါတယ်။

ဒါပေမဲ့ အနာဂတ်မှာ ကုန်းလမ်းနဲ့ ရေကြောင်းထွက်ခွာမှုတွေကိုပါ ခွန်ကောက်ခံဖို့ တိုးချဲ့နိုင်မလားဆိုတာကိုတော့ ထိုင်းအစိုးရက အတိအကျ မပြောသေးပါဘူး။

ဒီထွက်ခွာခွန် အစီအစဉ်ဟာ လက်ရှိအချိန်မှာ ဥပဒေအဖြစ် အတည်ပြုထားတာ မဟုတ်သေးပါဘူး။

အများပြည်သူရဲ့ သဘောထားမှတ်ချက်တွေကို အောက်တိုဘာ ၂၉ ရက်အထိ ရယူပြီးတဲ့နောက် အစိုးရက အဆိုပါအကြံပြုချက်တွေကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဥပဒေမူကြမ်းဟာ ဝန်ကြီးများအဖွဲ့နဲ့ လွှတ်တော်တို့ရဲ့ အတည်ပြုချက်တွေ ရယူရမှာ ဖြစ်ပါတယ်။

အတည်ပြုပြီးရင်လည်း ချက်ချင်းအသက်ဝင်မှာ မဟုတ်ဘဲ အစိုးရပြန်တမ်းမှာ တရားဝင်ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၁၈၀ ကြာမှ စတင်အသက်ဝင်မယ့် သတ်မှတ်ချက် ပါဝင်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ ထွက်ခွာမယ့် ခရီးသည်တွေဟာ ဒီအဆိုပြုထားတဲ့ ဘတ် ၁,၀၀၀ ထွက်ခွာခွန်ကို ပေးဆောင်ရသေးမှာ မဟုတ်ပါဘူး။

#အခွန်

#ထွက်ခွါခွန်

#အဆိုပြုချက်

#ဥပဒေမူကြမ်း

#လေကြောင်း

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin