၈ ရက် အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ တောင်းရမ်းသူများ များပြားလာကာ သရုပ်ပျက်တောင်းရမ်းမှုတွေကြောင့် ခရီးသွားတွေ စိတ်အနှောက်အယှက်ဖြစ်ရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်တင်လာတာတွေကြောင့် နိုင်ငံဂုဏ် သိက္ခာကျဆင်းစေတဲ့အတွက် ထိန်းသိမ်းပေးဖို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
တောင်းရမ်းနေသူများဟာ မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ သူတွေဖြစ်ပြီး ဌာနဆိုင်ရာ ရုံးခန်းတွေနဲ့ အနီးအနားမှာရှိတဲ့ နှစ်နိုင်ငံကြား တံတားအလယ်ပိုင်းမှာ စောင့်ဆိုင်းကာ တံတားပေါ် ဖြတ်သန်းသွားတဲ့ ထိုင်းနိုင်ငံသားများနှင့် နယ်စပ်ခရီးသွားတွေကို တောင်းရမ်းနေကြတာဖြစ်ပါတယ်။
“တံတားပေါ်မှာ ကလေးတွေက ဖြတ်သွားတဲ့သူတွေကို မရမချင်း အတင်းလိုက်တောင်းနေတာ ကြည့်မကောင်းဘူး။ နောက်ပြီး တစ်ဖက်နိုင်ငံကသူတွေလည်း အမြင်မကောင်းဘူးလေ။
ကျမတို့မယ်ဆိုင်က ပြန်လာရင် အဲဒါတွေမြင်ရတာ စိတ်မကောင်းဘူး။ ကိုယ့်မြန်မာတွေကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်ခံနေရလို့ ကိုယ့်မြန်မာတွေအစားအားငယ်မိတယ်” လို့ မယ်ဆိုင်မှာ ဈေးရောင်းချသူကာ တံတားပေါ်ကို နေ့စဉ်ဖြတ်သန်းသွားလာနေသူတစ်ဦးက ပြောပါတယ်။
တောင်းရမ်းစားသောက်သူတွေဟာ နံနက် တံတားဖွင့်ချိန်မှာ ဆိုင်ကယ်ကယ်ရီနဲ့ တံတားထိပ်ကို ရောက်ရှိလာပြီး လသားအရွယ်ကလေးငယ်တွေကို ချီပိုးထားကာ တောင်းရမ်းနေတဲ့ မိခင်တွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ တောင်းရမ်းနေကြတာကို တွေ့နေရတယ်လို့ သိရပါတယ်။
တောင်းရမ်းနေသူတွေကို ညနေတံတားပိတ်ချိန်မှာ ဆိုင်ကယ်နဲ့ ပြန်လည်လာကြိုတာတွေရှိသလို တချို့သူတွေက တံတားပေါ် လမ်းဘေးပလက်ဖောင်းမှာ အိပ်ပြီးခွက်တစ်လုံးနဲ့ ရုပ်ပျက်ဆင်းပျက် တောင်းရမ်းနေကြတာကိုလည်း အရှေ့သံလွင်သတင်းဌာန သတင်းထောက်က တွေ့ရှိခဲ့ပါတယ်။
“ဆိုင်ကယ်နဲ့ လာပို့လိုက်၊ လာကြိုလိုက်လုပ်တယ်။ ပြီးရင် အဘွားကြီးတွေကို ဆိုင်ကယ်နဲ့ လာကြိုတဲ့သူက ပိုက်ဆံချက်ချင်းတောင်းတယ်။ အဲဒီမှာ ၁၀၀၊ ၂၀၀ ပဲရရင် ဆိုင်ကယ်နဲ့ တင်မခေါ်သွားဘူး။ မိုးရွာရွာ၊ နေပူပူ ပစ်ထားတာတွေရှိတယ်” လို့ တံတားပေါ်မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးက သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပေမယ့် တံတားပေါ် တောင်းရမ်းနေသူတွေကို ဘယ်လိုထိန်းသိမ်းဆောင်ရွက်မလဲဆိုတာ ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။
“တံတားပေါ်မှာ အဖွဲ့ပေါင်းစုံရှိပေမယ့် တခုခုဆိုရင် ဘောလီဘောပုတ်နေကြတာဘဲ။ ဥပမာ အိမ်သာ ညစ်ပတ်တာတောင် ဘယ်သူ့မှာတာဝန်ရှိလဲ မသိဘူး၊ တံတားပေါ်မှာ တခုခုဆိုရင် ဘယ်အဖွဲ့ကမှ ခေါင်းမခံဘူး”လို့ တံတားပေါ် တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အခုလို တောင်းရမ်းစားသောက်သူတွေကို ယခင်က တံတားပေါ်တာဝန်ကျတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး နှင်ထုတ်ခဲ့တာတွေရှိပေမယ့် အချိန်အနည်းငယ်ကြာလျှင် တောင်းစားသူများ တံတားပေါ်ပြန်လာရောက်ရှိလာကြလေ့ရှိတယ်လို့ တံတားပေါ်တာဝန်ကျသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားဟာ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေအပြင် နှစ်နိုင်ငံခရီးသွားဧည့်သည်တွေ အဓိက ဖြတ်သန်းသွားလာတဲ့နေရာဖြစ်ပြီး နောက်ပိုင်းမှာ လွှတ်တော်ရဲ့ အဆိုပြုချက်အရ တတိယနိုင်ငံသားတွေလည်း ဝင်ရောက်လည်ပတ်နိုင်တယ်လို့ သိရပါတယ်။

