၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့က The Central ကွန်ဒိုစီမံကိန်းကို လက်ရှိ စစ်ဆေးမှုတွေ ပြီးဆုံးသွားရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စမယ်လို့ Developer ဖြစ်တဲ့ Marga Landmark Development က မနေ့က အောက်တိုဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စီမံကိန်းပြီးစီးပြီး အခန်းတွေကို ဝယ်ယူသူတွေဆီ လွှဲပြောင်းပေးနိုင်မယ့် အချိန်ကတော့ ၂၀၃၀ ပြည့်နှစ်ကျော်အထိ ရောက်နိုင်တယ် လို့ အခန်း ၀ယ်ယူထားသူတွေက ခန့်မှန်းပြောကြားပါတယ်။
The Central စီမံကိန်းအရောင်းပြခန်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က အောက်တိုဘာ ၃ ရက်ကစပြီး ချိတ်ပိတ်စစ်ဆေးနေခဲ့တာဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း စစ်ဆေးမှုတွေအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ စီမံကိန်းကို ရပ်တန့်ပစ်မှာမဟုတ်ဘဲ ဆောက်လုပ်ရေးကို ဆက်လက်လုပ်ဆောင်ပြီး အခန်းဝယ်ယူထားသူတွေဆီ အပြီးသတ် လွှဲပြောင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စီမံကိန်းကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး ဝယ်ယူသူတွေက ကုမ္ပဏီနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမယ့် တိကျတဲ့ ဖြေရှင်းချက် မရရှိသေးဘူးလို့ ဆိုပါတယ်။
ကုမ္ပဏီဘက်ကတော့ ဆောက်လုပ်ရေးနောက်ကျရတဲ့ အကြောင်းရင်းတွေထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ၊သွင်းကုန်လိုင်စင်အခက်အခဲ၊ကွန်တိန်နာနဲ့ သင်္ဘောသွားလာမှု ကြန့်ကြာခြင်း၊ ရေကြီးမှု ၊ ငလျင်လှုပ်ခတ်မှု၊ စည်ပင်ဥပဒေ ပြောင်းလဲမှုဟုဆိုကာ အကြောင်းပြချက်များစွာနဲ့ ၀ယ်ယူသူတွေကို ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
လက်ရှိ The Central အခန်းဝယ်ယူထားသူတွေ စုစည်းထားတဲ့ အဖွဲ့မှာ အဖွဲ့ဝင် ၁၂၀ ကျော် ရှိလာပြီး သက်ဆိုင်ရာဌာနတွေကို တိုင်ကြားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဝယ်ယူထားသူတွေဘက်က ပြောပါတယ်။
#The Central

