Language:

မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုကြောင့် ဒေသခံတောင်သူများ ရေအရင်းအမြစ်နဲ့ ထုတ်ကုန်ဘေးကင်းရေး စိုးရိမ်နေရ


မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုကြောင့် ဒေသခံတောင်သူများ ရေအရင်းအမြစ်နဲ့ ထုတ်ကုန်ဘေးကင်းရေး စိုးရိမ်နေရ

၂ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြစ်ရေထဲ အာဆင်းနစ်နဲ့ ခဲဓာတ်ပါဝင်မှု မြင့်မားနေပြီး မြစ်ရေကို ဆည်မြောင်းအဖြစ် အသုံးပြုနေတဲ့ ဒေသခံ တောင်သူတွေအတွက် ရေအစားထိုးအရင်းအမြစ်နဲ့ စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်းရေးအပေါ် စိုးရိမ်မှုမြင့်တက်နေတယ်လို့ ထိုင်းသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မယ်ဆိုင်မြစ်ရေထဲ အာဆင်းနစ်ပါဝင်မှုက သတ်မှတ်စံနှုန်းထက် ၂၈ ဆနဲ့ ခဲဓာတ်ပါဝင်မှုက ၅ ဆအထိ မြင့်တက်နေတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် ချင်းရိုင်ခရိုင်က မြစ်ရေကို တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်း၊ အခြားအသုံးပြုမှုများကို ရှောင်ရှားရန်နဲ့ ရေနေသတ္တဝါများအား ဖမ်းဆီးစားသုံးခြင်းကိုလည်း ရှောင်ကြဉ်ရန် သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ သတိပေးချက်ကြောင့် မယ်ဆိုင်မြစ်ရေကို ဆည်မြောင်းအဖြစ် အသုံးပြုနေတဲ့ တောင်သူတွေအနေနဲ့ မြစ်ရေကို ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ‌နဲ့ မသုံးစွဲနိုင်ပါက အစားထိုးရေအရင်းအမြစ် မည်သို့ ရရှိမည်ဆိုသည့် အပေါ် စိုးရိမ်နေရတယ်လို့ တောင်သူတွေထံက သိရပါတယ်။

ထို့အပြင် မယ်ဆိုင်ဒေသထွက် ဆန်၊ အာလူး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားစိုက်ပျိုးရေးထွက်ကုန်များထဲမှာ အာဆင်းနစ်၊ ခဲနဲ့ အခြားသတ္တုအလေးများ ကျန်ရှိနေခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာဌာနများက နမူနာယူ စစ်ဆေးပေးဖို့နဲ့ ရလဒ်များကို တောင်သူများနဲ့ စားသုံးသူများထံ ပွင့်လင်းစွာ အသိပေးရန် လိုအပ်တယ်လို့ ဒေသခံ တောင်သူများက တောင်းဆိုနေကြပါတယ်။

တစ်ဖက်မှာလည်း ချင်းရိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ခရိုင် ၁၈ ခုမှာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လူ ၅၆၉ ဦးအနက် ၃၁ ဦးတွင် သတ်မှတ်ပမာဏဖြစ်သည့် တစ်လီတာလျှင် ၁၀၀ မိုက်ခရိုဂရမ်ထက် ကျော်လွန်သည့် ဓာတုပစ္စည်းပါဝင်မှု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မိုက်ခရိုဂရမ်ထက် ကျော်လွန်တဲ့ ဓာတုပစ္စည်းပါဝင်မှု တွေ့ရှိခဲ့သူများကို ယခုနှစ်ကုန်ပိုင်းအတွင်း ဆေးရုံတွေနဲ့ ဒေသအာဏာပိုင်တို့ ပူးပေါင်းကာ အသေးစိတ် ထပ်မံစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

လက်ရှိ ချင်းရိုင်ခရိုင်က မယ်ဆိုင်မြစ်နဲ့ ဆက်စပ်တဲ့ မြေ၊ ရေ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အစားအစာ ကွင်းဆက် ညစ်ညမ်းမှုအဖြစ် သက်ရောက်မှု ရှိ၊ မရှိကို ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုထားပါတယ်။

မယ်ဆိုင်ဒေသအတွင်း ရေအစားထိုးအရင်းအမြစ် ရရှိရေး၊ စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်းမှု အာမခံနိုင်ရေးနဲ့ ဈေးကွက်အပေါ် သက်ရောက်မှုများအတွက် တာဝန်ရှိသူများက မည်သို့ ဆောင်ရွက်ပေးမည်ဆိုသည်မှာ တောင်သူများအတွက် အရေးကြီးသည့် မေးခွန်းတစ်ရပ် ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။

မယ်ဆိုင်ဒေသမှာ ဆည်မြောင်းရေကို အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ လယ်ယာမြေ ဧရိယာ ၇၀,၀၀၀ နီးပါးရှိသည်ဟု ထိုင်းသတင်းဖော်ပြထားချက်အရ သိရပါတယ်။

#မယ်ဆိုင်မြစ်ရေ

#ညစ်ညမ်းမှု

#ဒေသခံတောင်သူများ

#ရေအရင်းအမြစ်

#ထုတ်ကုန်ဘေးကင်းရေး

#သဘာ၀ဘေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin