၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တရုတ်နိုင်ငံက ပြည်တွင်းလောင်စာဆီလက်ကျန်တွေကို အားဖြည့်ထားဖို့ ရည်ရွယ်ပြီး အောက်တိုဘာလအတွင်း ရေနံထွက်ကုန်တွေ ပြည်ပတင်ပို့ခွင့်ကို ဆိုင်းငံ့ထားတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူ (၄)ဦးက ပြောပါတယ်။
တရုတ်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက ရေနံစိမ်းထောက်ပံ့မှုတွေ ထိခိုက်ခဲ့ပြီးနောက် မတ်လကတည်းက လောင်စာဆီတင်ပို့မှုကို ကန့်သတ်ထားတာပါ။ ဇူလိုင်လမှာတော့ ကန့်သတ်ချက်တွေကို တချို့ပြန်လျှော့ပေးခဲ့ပြီး ဒီဇယ်၊ ဓာတ်ဆီနဲ့ လေယာဉ်ဆီ တင်ပို့မှုတွေကို လစဉ်အလိုက် စီမံနေပါတယ်။
ဒါပေမဲ့ အောက်တိုဘာလ (၁)ရက်နေ့ကစပြီး တစ်ပတ်ကြာ အားလပ်ရက်ကာလ စတင်ချိန်အထိ တရုတ်နိုင်ငံရဲ့ အဓိက ရေနံချက်စက်ရုံကြီးတွေကို ဟောင်ကောင်နဲ့ မကာအိုကလွဲပြီး အခြားဒေသတွေကို လောင်စာဆီတင်ပို့ဖို့ ခွင့်ပြုချက် မရရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အောက်တိုဘာ (၇)ရက် အားလပ်ရက်ကာလပြီးဆုံးပြီးနောက် တရုတ်အစိုးရက လောင်စာဆီတင်ပို့ခွင့် ပြန်ပေးမပေးဆိုတာတော့ မသေချာသေးပါဘူး။ ဒါဟာ ပြည်တွင်း လောင်စာဆီလက်ကျန်နဲ့ ရေနံချက်လုပ်ငန်းတွေက ထုတ်လုပ်မှုပမာဏအပေါ် မူတည်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Oxford Institute for Energy Studies ရဲ့ တရုတ်စွမ်းအင်သုတေသနဌာန အကြီးအကဲ Michal Meidan ကတော့ ဒီလုပ်ရပ်ဟာ တရုတ်အစိုးရအနေနဲ့ ပြည်တွင်းလောင်စာဆီ ထောက်ပံ့မှုလုံခြုံရေးကို နိုင်ငံတကာဈေးကွက်ထက် ပိုဦးစားပေးနေတယ် ဆိုတာကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။
တရုတ်ရေနံချက်စက်ရုံတွေဘက်ကတော့ ပြည်ပဈေးကွက်မှာ အမြတ်အစွန်းကောင်းရရှိနိုင်တဲ့အတွက် တင်ပို့ချင်ကြပေမယ့် ပြည်တွင်းလက်ကျန် အလုံအလောက်မရှိသေးရင် ပြည်ပတင်ပို့မှုကို ကန့်သတ်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။
တရုတ်ရဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းမှုဟာ မကြာသေးခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ထရမ့်က ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှု တည်ငြိမ်ရေးအတွက် တရုတ်ဘက်က ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီး Chris Wright ကလည်း အရှေ့အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံက ဒီဇယ်တင်ပို့မှုတွေ လျော့ကျသွားတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဒီဇယ်ထောက်ပံ့မှု လျော့နည်းနေပြီး ဥရောပနိုင်ငံတွေဘက်က ဒီဇယ်ထောက်ပံ့မှုအသစ်တွေ ထွက်ပေါ်လာမယ်လို့ အမေရိကန်က မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
Reuters ရဲ့ ကြာသပတေးနေ့ သတင်းအရ အမေရိကန်အစိုးရဟာ ဒီဇယ်ဈေးနှုန်းတွေကို လျှော့ချနိုင်ဖို့ ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ အရေးပေါ် ဒီဇယ်လက်ကျန်တွေကို ထုတ်သုံးဖို့ တိုက်တွန်းထားပြီး မလိုက်နာရင် အမေရိကန်ဘက်က ဒီဇယ်တင်ပို့မှုကို ပိတ်ပင်နိုင်တယ်လို့လည်း ဖိအားပေးထားပါတယ်။

