၂၉ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ အောက်တိုဘာလမှစ၍ Probox နှင့် AD Van ကားအမျိုးအစားများကို ကားအမိုးပေါ် ကုန်ပစ္စည်းများ တင်ဆောင်သွားလာမှူကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထို့အတွက်ကြောင့် ကားသမားများအနေဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အခက်အခဲများ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေရပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်း ပြေးဆွဲနေသည့် ကားသမားများအနေဖြင့် ယခင်က ကားအမိုးပေါ် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နိုင်တော့မည်မဟုတ်သည့်အတွက် ခရီးစဉ်တစ်ကြောင်းအတွက် ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း ကားသမားများက ပြောသည်။
“ကားအမိုးပေါ်ပစ္စည်းပေးမသယ်တာတော့ ကျွန်တော်တို့လည်းမသိဘူး၊ အခု ခရီးသည်တွေက ကားတစ်စီးကို ၂ ယောက်၊ ၃ ယောက်ပဲ သွားကြတာ။ ခရီးသည်ပါးတော့လည်း ကုန်ပစ္စည်းနဲ့ မျှပြီးသွားရတာပေါ့။ ဒီကြားထဲ ကျွန်တော်တို့ အန်စာတုံးကားအမိုးတွေပေါ်မှာပါ ပစ္စည်းပေးမသယ်တော့ရင် ဘာလုပ်စားရတော့မှာလည်း” ဟု ခရီးသည်ယဥ်မောင်းနင်သူ ကားဆရာတစ်ဦးမှ အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
လက်ရှိ ခရီးသည်လိုက်ပါမှု နည်းပါးသည့်အခြေအနေကြောင့် ကားသမားများအနေဖြင့် ခရီးသည်ခများ တစ်ခုတည်းဖြင့် ခရီးစဉ်အတွက် ကုန်ကျစရိတ်များကို ကာမိရန် အခက်အခဲရှိနေပြီး ကုန်ပစ္စည်းများကို တစ်ပါတည်း သယ်ယူပို့ဆောင်ခြင်းဖြင့် ဝင်ငွေဖြည့်တင်းနေကြရကြောင်း သိရသည်။
ထို့ကြောင့် ကားအမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ခွင့် မပြုတော့ပါက တစ်ကြောင်းလျှင် သယ်ယူနိုင်သည့် ကုန်ပစ္စည်းပမာဏ လျော့နည်းသွားနိုင်သည့်အပြင် ခရီးသည်နည်းပါးသည့် ခရီးစဉ်များတွင် ကားသမားများ၏ ဝင်ငွေနှင့် ကားပြေးဆွဲစရိတ်အပေါ် အခက်အခဲများ ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
ပညာပေးကာလပြီးဆုံးသည့် အောက်တိုဘာ ၁ ရက်မှစ၍ လူစီးမော်တော်ယာဉ်များ၏ ခေါင်မိုးပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်သွားလာခြင်းကို တွေ့ရှိပါက သတ်မှတ်ချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပေးထားသည်။
လက်ရှိတွင် စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ၇ ရက်ကြာ ပညာပေးကာလအဖြစ် အသိပညာပေးခြင်းနှင့် သတိပေးခြင်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး အောက်တိုဘာ ၁ ရက် မတိုင်မီအထိ ကားအမိုးပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်သွားလာနေကြသေးကြောင်း သိရသည်။
#ရှမ်းအရှေ့
#အောက်တိုဘာလမှစတင်၍
#ကားအမိုးပေါ်
#ကုန်တင်ခွင့်ပိတ်သဖြင့်
#ကားသမားများ
#အခက်တွေ့မှာကို
#စိုးရိမ်နေ

