၂၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဒေသခံများက မြန်မာနိုင်ငံဘက်ရှိ သတ္တုတွင်းလုပ်ငန်းများ ရပ်တန့်ပေးရန် အပါအဝင် အချက်(၈)ချက်ကို စက်တင်ဘာ (၂၃)ရက် ညနေ (၄) နာရီခန့်က ဆန္ဒထုတ်ဖော်စုဝေးတောင်းဆိုခဲ့ကြတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုနှင့် ရွှံ့နွံအတွင်း အဆိပ်အတောက်နှင့် သတ္တုဓာတ်များ ပါဝင်နိုင်ခြင်းကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားအနီး ဆိုင်လုံဂျိုင်း ဈေးလမ်းဆုံမှာ ပြုလုပ်ခဲ့ပြီး မယ်ဆိုင်ဒေသခံများ၊ လယ်သမားများနဲ့ ဒေသခံအဖွဲ့အစည်းများမှ ထိုင်းနိုင်ငံသား လူဦးရေ (၃၀) ခန့် ပါဝင်ခဲ့ပြီး အချက်(၈) ချက်ကို စုဝေးတောင်းဆိုခဲ့ကြတယ်လို့ ထိုင်းသတင်းဌာနများရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆန္ဒထုတ်ဖော်သူများက မြန်မာနိုင်ငံဘက်ရှိ သတ္တုတွင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆိုင်မြစ်နှင့် ရွှော့မြစ်တစ်လျှောက်ရှိ ရေအရင်းအမြစ်ဒေသများမှ ရွှံ့နွံများ၊ အဆိပ်အတောက်များနှင့် သတ္တုဓာတ်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်ခြင်းအပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအစိုးရတို့ကို မယ်ဆိုင်ဒေသခံများရဲ့ သတ္တုတွင်းများ ရပ်တန့်ပေးရန် အပါအဝင် ဆန္ဒထုတ်ဖော်တောင်းဆိုချက် (၈)ချက်မှာ မြန်မာဘက်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ပေးရန်၊ အစိုးရအနေနဲ့ ဒေသအတွင်းသို့ ကိုယ်တိုင်လာရောက်ပြီး ပြည်သူများရဲ့ ပြဿနာများနှင့် အကြံပြုချက်များကို နားထောင်ပေးရန်၊ ထိခိုက်မှုများခံစားနေရတဲ့ လယ်သမားများအား ထောက်ပံ့ကူညီပေးရန်တို့ ပါဝင်ပါတယ်။
ထို့ပြင် ဒေသအတွင်း စုပုံနေတဲ့ ရွှံ့နှင့်သဲများကို စနစ်တကျ ရှင်းလင်းစီမံပေးရန်၊ ရေအရည်အသွေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ပေးရန်၊ မယ်ဆိုင်ဒေသရှိ ပြည်သူများရဲ့ စီးပွားရေးနှင့် လူနေမှုဘဝများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်ပေးရန်၊ နယ်စပ်ဖြတ်ကျော် ရေအရင်းအမြစ်ဒေသများအပေါ် ထိခိုက်မှုဖြစ်စေတဲ့ မြန်မာနိုင်ငံဘက်ရှိ သတ္တုတွင်းလုပ်ငန်းများကို မြန်မာအစိုးရအနေဖြင့် အရေးယူပေးရန်၊ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ပြဿနာကို နိုင်ငံတော်အဆင့် အရေးကြီးကိစ္စအဖြစ် သတ်မှတ်ပြီး သံတမန်ရေးရာနည်းလမ်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းပေးရန်တို့ ပါဝင်ကြောင်း သိရပါတယ်။
မယ်ဆိုင်ဒေသခံများရဲ့ ပြောကြားချက်အရ (၂၀၂၄) ခုနှစ် ရေကြီးမှုအတွင်း မယ်ဆိုင်မြို့ရှိ ဆိုင်လုံဂျိုင်း၊ ထမ်ဖာချွန်၊ ကိုးဆိုင်၊ မိန်းဒဲန်း၊ မိုင်လုံခွန်နှင့် ဆိုင်မြစ်တစ်လျှောက်ရှိ လူနေအိမ်များနှင့် စိုက်ပျိုးမြေများ ထိခိုက်ခဲ့ပြီး လက်ရှိမှာ ရေကြီးမှုအပြီး ကျန်ရှိနေသည့် ရွှံ့နွံများနှင့် ရေထုအတွင်း အဆိပ်အတောက်နှင့် သတ္တုဓာတ်များ ပါဝင်လာနိုင်ခြင်းကို စိုးရိမ်နေကြတာလို့ သိရပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသ နမ့်ခုတ်မြစ်တလျှောက် မြေရှားနှင့် ရွှေတူးဖော်မှုများမှာ တရုတ်ပိုင် China Investment Mining ကုမ္ပဏီက လုပ်ကိုင်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF)က အောက်တိုဘာလ (၂၈) ရက်မှာ သတင်းထုတ်ပြန်ထားပါသေးတယ်။
စက်တင်ဘာ ၁၄ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba နှင့် တာချီလိတ်ခရိုင်အာဏာပိုင်များ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအတွင်း စီးဝင်နေတဲ့ မယ်ဆိုင်ချောင်းနှင့် နမ့်ကုတ်ချောင်းတို့မှာ တရားမဝင်သတ္တုတူးဖော်မှုများကြောင့် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသည့်ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
#အချက်(၈)ချက်

