Language:

ရှမ်းအရှေ့ပိုင်းမှာ ကားအမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ပြီး သွားလာနေတဲ့ မော်တော်ယာဥ်တွေကို အောက်တိုဘာ (၁) ရက်က စတင်အရေးယူမယ်


ရှမ်းအရှေ့ပိုင်းမှာ ကားအမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ပြီး သွားလာနေတဲ့ မော်တော်ယာဥ်တွေကို အောက်တိုဘာ (၁) ရက်က စတင်အရေးယူမယ်

၂၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း Probox / AD Van ကဲ့သို့ ကားအမိုးပေါ်မှာ ကုန်ပစ္စည်းတွေတင်ဆောင်ပြီး သွားလာနေတဲ့ မော်တော်ယာဥ်တွေကို အောက်တိုဘာ (၁) ရက်မှ စတင်အရေးယူမယ်လို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ယနေ့ စက်တင်ဘာ (၂၄) ရက်ကနေ (၃၀)ရက်အထိ (၇)ရက်ကြာ ပညာပေးကာလအဖြစ် အသိပညာပေးတာနဲ့ သတိပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ခရီးသည်ပြေးဆွဲနေတဲ့ လူစီးမော်တော်ယာဉ်အများစုနဲ့ အိမ်စီးကားအချို့က ယာဥ်ခေါင်မိုးပေါ်မှာ ကုန်ပစ္စည်းများတင်ဆောင်ပြီး သွားလာနေကြတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ တောင်ကြီး–တာချီလိတ်၊ မိုင်းဆတ်–တာချီလိတ် ခရီးစဉ်များပြေးဆွဲနေတဲ့ ယာဉ်လိုင်းများရှိပြီး အချို့ယာဉ်တွေမှာ ခရီးသည်တွေနဲ့အတူ ကုန်ပစ္စည်းတွေကိုလည်း ကားခေါင်မိုးပေါ်တွေမှာ တင်ဆောင်ပြီးသွားလာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယာဉ်အမိုးပေါ်မှာ ကုန်ပစ္စည်းအများအပြား တင်ဆောင်လာလို့ ယာဉ်ရဲ့ အလေးချိန်မမျှတတာတွေကြောင့် တောင်တက် တောင်ဆင်း လမ်းပိုင်းများမှာ ယာဉ်တိမ်းမှောက်မှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်တယ်လို့ ဟိုင်းဝေးယာဉ်မောင်းနှင်နေသူတွေက ပြောပါတယ်။

ပညာပေးကာလပြီးဆုံးတဲ့ အောက်တိုဘာ (၁) ရက်ကစပြီး လူစီးမော်တော်ယာဥ်ရဲ့ ခေါင်မိုးပေါ်မှာ ကုန်ပစ္စည်းများ တင်ဆောင်ပြီး သွားလာခြင်းကို တွေ့ရှိပါက သတ်မှတ်ချက်များနှင့်အညီ အရေးယူသွားမယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

ယာဉ်မောင်းနှင်သူတွေအနေနဲ့ သတ်မှတ်ချက်တွေကို လိုက်နာပြီး လူစီးယာဉ်များရဲ့ အမိုးပေါ်မှာ ကုန်ပစ္စည်းတင်ဆောင်ခြင်း မပြုကြရန် ယာဥ်ထိန်းရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

#ရှမ်းအရှေ့ပိုင်း

#ကားအမိုးပေါ်

#ကုန်ပစ္စည်းတင်ဆောင်

#မော်တော်ယာဥ်

#အရေးယူ

#လူစီးယာဉ်

#ခရီးသည်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin