Language:

ကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြေရှင်းဖို့ တာဝန်ရှိသူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အမှန်တကယ် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတ ပြောကြား


ကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြေရှင်းဖို့ တာဝန်ရှိသူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အမှန်တကယ် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော် သမ္မတ ပြောကြား

၂၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

လတ်တလော ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒေသအလိုက် တာဝန်ရှိသူတွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို အမှန်တကယ် လုပ်ဆောင်ပေးဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။

နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်နေရတဲ့ အခြေအနေကို ဒေသအလိုက် တာဝန်ရှိသူတွေက လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့လိုသလို၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကိုလည်း ဒေသလိုအပ်ချက်နဲ့ ကိုက်ညီအောင် တိုးချဲ့ဆောင်ရွက်ဖို့ သမ္မတက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးရေးအတွက် ပေးအပ်ထားတဲ့ အခွင့်အာဏာတွေကို မလျော်ကန်စွာ အသုံးချမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုတွေ ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေရတာကြောင့် အဆိုပါ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပြီး ဥပဒေချိုးဖောက်မှုတွေကို ဥပဒေနဲ့အညီ အရေးယူဖို့လည်း နိုင်ငံတော် သမ္မတက မှာကြားပါတယ်။

ဒါ့အပြင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ဆက်စပ်နေတဲ့အတွက် ဒေသအလိုက် လိုအပ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျ တွက်ချက်ပြီး တိုးမြှင့်လုပ်ဆောင်ဖို့ သမ္မတက ပြောကြားပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ တစ်ဧကအထွက်နှုန်း တိုးတက်လာစေရေးအတွက်လည်း ဒေသရဲ့ မြေအခြေအနေ၊ ရာသီဥတုအခြေအနေတွေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့လိုကြောင်း ပြောပါတယ်။

စားသုံးဆီဖူလုံရေးကိစ္စကိုလည်း ကုန်ဈေးနှုန်းနဲ့ ဆက်စပ်ပြီး နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲပုတ်နဲ့ ဆီအုန်းစတဲ့ ဆီထွက်သီးနှံတွေကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူဖြစ်နိုင်ပြီး ပြည်ပကနေ စားသုံးဆီတင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မယ်လို့ သမ္မတက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုကို အောင်မြင်အောင် ဆောင်ရွက်ပြီး စားသုံးဆီ ထုတ်လုပ်နိုင်မယ်ဆိုရင် တနင်္သာရီ၊ မွန်နဲ့ ကရင်ပြည်နယ်တို့အတွက် ဒေသတွင်း စားသုံးဆီဖူလုံရေးကို အထောက်အကူပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

#ကုန်ဈေးနှုန်းကြီးမြင့်မှု

#ဖြေရှင်းဖို့ဒေသအလိုက်

#တာဝန်ရှိသူတွေ

#လုပ်သင့်လုပ်ထိုက်တာတွေကို

#အမှန်တကယ်လုပ်ဆောင်ပေးဖို့

#နိုင်ငံတော်သမ္မတပြောကြား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin