၂၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
အလုပ်သမားများ၏ အနိမ့်ဆုံးအခကြေးငွေကို လက်ရှိနေထိုင်စားဝတ်နေရေးနှင့် ကိုက်ညီအောင် ပြန်လည် သုံးသပ်ပြီး တိုးမြှင့်သတ်မှတ်ပေးရန်နှင့် အခြေခံလုပ်ခလစာ စနစ်ကို ပြန်လည်ပြင်ဆင်ရန် ကြံခင်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦးက လွှတ်တော်တွင် မေးမြန်းခဲ့ပါတယ်။
စက်တင်ဘာ (၂၃) ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယနေ့၌ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာပါ။
အနိမ့်ဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်ရက် ၈ နာရီအတွက် အနိမ့်ဆုံး လုပ်ခ ကျပ် ၃,၆၀၀ သတ်မှတ်ခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ကျပ် ၄,၈၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ၂၀၂၃၊ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ စီ ထပ်မံပေးခဲ့သဖြင့် လက်ရှိအလုပ်သမားတစ်ဦး၏ တစ်ရက်ဝင်ငွေမှာ ကျပ် ၇,၈၀၀ ဖြစ်လာသော်လည်း အခြေခံလုပ်ခလစာမှာ ၂၀၁၈ ခုနှစ် သတ်မှတ်ချက်ဖြစ်သည့် ကျပ် ၄,၈၀၀ အတိုင်းသာ ရှိနေသည်ဟု ဆိုသည်။
ဦးနိုင်မင်းဦးက အခြေခံစားသောက်ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ အိမ်ငှားခ၊ ကျန်းမာရေးနှင့် ပညာရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ အလုပ်သမားများ၏ အမှန်တကယ်ဝယ်ယူနိုင်စွမ်း လျော့နည်းလာနိုင်သဖြင့် အနိမ့်ဆုံးအခကြေးငွေကို ပြန်လည်သုံးသပ်ပေးရန် မေးမြန်းခဲ့သည်။
ထို့အပြင် ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်သမားမိသားစုများ၏ အခြေခံလိုအပ်ချက်နှင့် ဒေသအလိုက် လူနေမှုစရိတ်များကို ထည့်သွင်းတွက်ချက်ပြီး ပုံမှန်ကာလအလိုက် ပြန်လည်သုံးသပ်သည့်စနစ် ထားရှိရန်၊ ရေရှည်တွင် အနိမ့်ဆုံးအခကြေးငွေမှ အသက်မွေးဝမ်းကျောင်းနိုင်သောလုပ်ခ (Living Wage) စံနှုန်းသို့ တဖြည်းဖြည်းပြောင်းလဲရန်နှင့် အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်ရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) အတွက် ချေးငွေ၊ နည်းပညာနှင့် အခွန်ဆိုင်ရာ အထောက်အပံ့များ ပူးတွဲပေးရန်လည်း မေးမြန်းခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက အနိမ့်ဆုံးအခကြေးငွေကို ပြန်လည် သုံးသပ်ရာတွင် စားသုံးသူဈေးနှုန်း၊ ကုန်စည်ဈေးနှုန်း၊ ဝန်ဆောင်ခ၊ ငွေကြေးဖောင်းပွမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်များ၏ လုပ်ခပေးနိုင်စွမ်းနှင့် နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အမျိုးသားအနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာကော်မတီအနေဖြင့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးမှုများအပေါ် အခြေခံကာ နိုင်ငံ၏ စီးပွားရေးမူဝါများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ထို့အပြင် SME လုပ်ငန်းများအတွက် ချေးငွေပံ့ပိုးမှုများ၊ အခွန်ကင်းလွတ်ခွင့်နှင့် အခြားလုပ်ငန်းဆိုင်ရာ အထောက်အပံ့များ ဆောင်ရွက်ပေးနေပြီး အလုပ်သမားများ၏ လစာဝင်ငွေမှာ တစ်နှစ် ကျပ် ၄၈ သိန်း မကျော်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခဲ့သည်။

