Language:

တာချီလိတ်မြို့ ရပ်ကွက်အချို့မှာ ရေနုတ်မြောင်းစနစ်တကျ မရှိတာတွေကြောင့် လမ်းများပျက်စီးနေတယ်လို့ ဒေသခံတို့ဆို


တာချီလိတ်မြို့ ရပ်ကွက်အချို့မှာ ရေနုတ်မြောင်းစနစ်တကျ မရှိတာတွေကြောင့် လမ်းများပျက်စီးနေတယ်လို့ ဒေသခံတို့ဆို

၂၃ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရပ်ကွက်အချို့မှာ ရေနုတ်မြောင်းများ စနစ်တကျဖော်ဆောင်ထားတာ မရှိလို့ မိုးရွာသွန်းချိန် ရေစီးဆင်းမှုနဲ့ နေအိမ်၊ ဆိုင်ခန်းတွေရဲ့ လမ်းပေါ်ကို ရေများစွန့်ပစ်နေတာကြောင့် လမ်းများ ရေဝပ်ပျက်စီးနေပြီး ဒေသခံများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရတယ်လို့ အရှေ့သံလွင် သတင်းမီဒီယာရဲ့ စုံစမ်းချက်အရ သိရပါတယ်။

တာချီလိတ်မြို့ရှိ ရပ်ကွက်အချို့တွေမှာ ရေမြောင်းများက လမ်းမျက်နှာပြင်ထက် မြင့်နေခြင်း၊ ရေမြောင်းပိတ်ဆို့နေခြင်းနှင့် ရေမြောင်းများမရှိတဲ့ နေရာများရှိပြီး၊ မိုးရေများနှင့် စွန့်ပစ်ရေများ စီးဆင်းနိုင်ခြင်းမရှိဘဲ လမ်းပေါ်မှာ ရေဝပ်နေတာကြောင့် လမ်းများ အချိန်တိုအတွင်း ပျက်စီးလာတဲ့အပြင် ဖြတ်သန်းသွားလာရသူတွေ အခက်ခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကွင်းအနောက်ဘက်ရှိ ဂျော်နီလျှပ်စစ်ပစ္စည်းဆိုင် လမ်းတစ်လျှောက်မှာ လူနေအိမ်ဘက်မှာ ရေနုတ်မြောင်းက လမ်းမျက်နှာပြင်ထက် ပိုမြင့်နေပြီး ရှမ်းရိုးမကွင်းဘေးတစ်လျှောက်မှာ ရေနုတ်မြောင်းတွေ မရှိတာကြောင့် ရေစီးဆင်းနိုင်တဲ့နေရာမရှိဘဲ ရေများအိုင်နေပြီး ဆိုင်ကယ်မောင်းနှင်သူအချို့ ယာဥ်တိမ်းမှောက်တာတွေရှိပြီး လမ်းများပျက်စီးနေတယ်လို့ အနီးနားမှာ နေထိုင်သူက ပြောပါတယ်။

“အရင်က ဒီနေရာက လမ်းခင်းထားတာ။ ဒါပေမဲ့ ရေဆင်းတဲ့ ရေမြောင်းမရှိတော့ လမ်းပျက်စီးသွားတာ။ ရေမြောင်းရှိတဲ့ ဘက်ကလည်း လမ်းထက်ပိုမြင့်နေတယ်။ ရှမ်းရိုးမကွင်းဘေးတစ်လျှောက်ကျတော့ ရေမြောင်းမရှိတော့ ရေဆင်းမဲ့နေရာမရှိဘူးလို့” ယခင်ကတည်းက ထိုနေရာ လမ်းဆုံဂိတ်မှာ Txai ဆွဲနေသူတစ်ဦးက ပြောပါတယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်စည်ပင်သာယာရေးဌာနက လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးခိုင်စိုးထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်း အဆိုပါရေဝပ်နေတဲ့ နေရာတွေများကို သက်ဆိုင်ရာဌာနများနဲ့ ပူပေါင်းပြီး ရေနုတ်မြောင်းများ စနစ်တစ်ကျ ဖော်ဆောင်နိုင်ရန် ကွင်းဆင်းစစ်ဆေးပြီး လုပ်ဆောင်သွားမယ်လို့ ရပ်ကွက်အတွင်းရေမှူး ဦးစိုင်းဆမ်က အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့ရှိ ရပ်ကွက်အချို့မှာ လမ်းများခင်းပေးထားပေမယ့် ရေနုတ်မြောင်း စနစ်တကျမရှိတဲ့အတွက် မိုးရာသီကာလအချိန်မှာ ရေစီးဆင်းမယ့်နေရာ မရှိတာကြောင့် လမ်းပေါ်မှာ ရေများဝပ်နေပြီး လမ်းများ အချိန်တိုအတွင်း ပျက်စီးလာနေရတယ်လို့ ဒေသခံတို့က ဆိုပါတယ်။

ထို့အပြင် လမ်းဘေးရှိ နေအိမ်များနှင့် ဆိုင်ခန်းအချို့မှ ရေများကို လမ်းပေါ်သို့ စွန့်ပစ်ခြင်းများ ရှိနေခြင်းကြောင့်လည်း လမ်းများပျက်စီးမှု ပိုမိုဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရပါတယ်။

#တာချီလိတ်မြို့

#ရပ်ကွက်အချို့

#ရေနုတ်မြောင်း

#ဆန်ဆိုင်း(ခ)

#လမ်းများပျက်စီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin