၂၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်ကနေ လာမယ့် ၄၈ နာရီအတွင်း အားကောင်းတဲ့ မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ (၂၀) ရက်၊ ညပိုင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ လေဖိအားနည်းရပ်ဝန်းဟာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း အားကောင်းလာတာနဲ့အမျှ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံ ဒေသအများအပြားမှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လေပြင်းတိုက်ခတ်ချိန် လေတိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်အထိ ရောက်နိုင်ကာ ပင်လယ်ပြင်မှာလည်း လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေအထိ ရှိနိုင်တာကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေ သတိထားဖို့ လိုအပ်နေတယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းတဲ့အခါ လေပြင်းတိုက်ခတ်မှုအပြင် ရုတ်တရက်ရေကြီးရေလျှံမှူနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တဲ့အတွက် တောင်ကုန်း၊ တောင်စောင်းဒေသတွေမှာ နေထိုင်သူတွေနဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေ အထူးသတိထားဖို့ မိုး/ဇလက အသိပေးထားပါတယ်။
အထူးသဖြင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ၊ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သွားလာနေတဲ့ ရေယာဉ်တွေဟာလည်း မိုးလေဝသအခြေအနေကို ကြိုတင်စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။
စက်တင်ဘာလဟာ မြန်မာနိုင်ငံမှာ မုတ်သုံလေ အားနည်းလာပြီး ဒေသအလိုက် မုတ်သုံဆုတ်ခွာမှု စတင်လာတဲ့ ကာလဖြစ်ပေမယ့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သ စောင့်ကြည့်သူ ပညာရှင် ဦး၀င်းနိုင်ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာက တဆင့် အသိပေးရေးသားထားပါတယ်။
မိုး/ဇလရဲ့ စက်တင်ဘာလအတွင်း ကြိုတင်ခန့်မှန်းချက်မှာလည်း ဒီလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်နိုင်ပြီး အချို့ဟာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ ကြိုတင်ဖော်ပြထားပါတယ်။
#မိုး/ဇလထုတ်ပြန်

