Language:

ရုရှားထွက်ပြေးတိမ်းရှာင်သူများ မဲပေးပြီး ပူတင်နဲ့ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြ


ရုရှားထွက်ပြေးတိမ်းရှာင်သူများ မဲပေးပြီး ပူတင်နဲ့ ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ကြောင်း ဖော်ပြ

၂၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ရုရှားနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ကာ ပြည်ပမှာ နေထိုင်နေတဲ့ ရုရှားနိုင်ငံသားတွေဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၂၀)ရက်၊ တနင်္ဂနွေနေ့က ရုရှားလွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါတယ်။

ဒီနေ့ဟာ ရုရှားနိုင်ငံ ရုရှားဖက်ဒရယ်လွှတ်တော်ရဲ့ရွေးကောက်ပွဲ မဲပေးနိုင်တဲ့ နောက်ဆုံးနေ့လည်း ဖြစ်လို့

ပြည်ပရောက် ရုရှားနိုင်ငံသားအများအပြားကတော့ ဒီလိုမဲပေးတာဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ထားတာ မဟုတ်ဘဲ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ယူကရိန်းစစ်ပွဲကို သဘောမတူကြောင်း ဖော်ပြတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်အဖြစ် မဲပေးခဲ့ကြတာလို့ ပြောပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံအတွင်းက နိုင်ငံရေးအခြေအနေကိုတော့ သူတို့ရဲ့မဲတစ်မဲတည်းနဲ့ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ချက်မရှိဘူးလို့ ဆိုထားကြပါတယ်။

အာမေးနီးယားနိုင်ငံ၊ မြို့တော် ယေရီဗန်မှာ မဲပေးဖို့ တန်းစီနေတဲ့ မော်စကိုမြို့သူ ပြည်ပြေးတစ်ဦးဖြစ်တဲ့ အိုလ်ဂါကလည်း သူမရဲ့ မဲဟာ ရုရှားနိုင်ငံအတွင်းမှာ ဘာတစ်ခုကိုမှ ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်မထားကြောင်း ပြောပါတယ်။

ဒါပေမဲ့ ပူတင်အစိုးရနဲ့ ယူကရိန်းစစ်ပွဲအပေါ် သဘောထားကွဲလွဲမှုကို ကိုယ်တိုင် မဲပေးပြီး ဖော်ပြတာက အရေးကြီးတယ်လို့ ပြည်ပရောက် ရုရှားနိုင်ငံသားအချို့က ယူဆနေကြပါတယ်။

ဒီရွေးကောက်ပွဲက ရုရှားဖက်ဒရယ်လွှတ်တော်ရဲ့ အောက်လွှတ်တော်ဖြစ်တဲ့ State Duma အတွက် အမတ်နေရာ (၄၅၀) ကို ရွေးချယ်တာဖြစ်ပြီး (၂၂၅)နေရာကတော့ နိုင်ငံရေးပါတီစာရင်းအပေါ် မဲပေးပြီး အချိုးကျခွဲဝေပေးတဲ့ PR ဖြစ်ပြီး ကျန် (၂၂၅) နေရာကတော့ မဲဆန္ဒနယ်တစ်ခုစီမှာ ကိုယ်စားလှယ်လောင်းတစ်ဦးကို တိုက်ရိုက်ရွေးချယ်တဲ့စနစ် နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံအတွက် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲဟာ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားက အပြည့်အဝကျူးကျော်စစ် စတင်ပြီးနောက် ပထမဆုံးကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲ ဖြစ်ပါတယ်။

#ရွေးကောက်ပွဲ

#ပြည်ပရောက်

#အောက်လွှတ်တော်

#အမတ်နေရာ

#ရုရှားနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin