၂၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် (၁) ပေါ်မှာ ဒေသခံတွေရဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အဆင်ပြေစေဖို့ ကုန်တင်ကုန်ချတဲ့အချိန်ကို ထိုင်းစံတော်ချိန် မနက်(၆)နာရီမှ (၉)နာရီအထိ သတ်မှတ်ပေးထားတယ်လို့ မယ်ဆိုင်အကောက်ခွန်ဦးစီးဌာနက စက်တင်ဘာ (၂၀)ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ ချစ်ကြည်ရေးတံတား(၁)ပေါ်က ကုန်စည်သယ်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ တာချီလိတ်ဘက်ခြမ်းက အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်နေတာဖြစ်လို့ ယာဉ်ကြော မပိတ်ဆို့အောင် မယ်ဆိုင်အကောက်ခွန်ဘက်က ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် မယ်ဆိုင်အကောက်ခွန်အနေနဲ့ လတ်တလော ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်စေဖို့ ကုန်စည် အနည်းငယ် တင်၊ ချပြုလုပ်နေတဲ့အချိန်ကို ကန့်သတ်ထားပြီး အကောက်ခွန်နယ်စပ်ဂိတ်က သတ်မှတ် ပေးထားတဲ့နေရာမှာ ထိုင်းစံတော်ချိန် နေ့စဉ် မနက် (၆)နာရီခွဲကနေ (၉) နာရီအထိ ကုန်တင်ကုန်ချ ပြုလုပ်နိုင်မယ်လို့ ထုတ်ပြန်ထားတာပါ။
မနက် (၉) နာရီကျော်သွားရင်တော့ ကုန်သည်တွေ၊ ဒေသခံတွေ၊ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အထွက်လမ်းကြောင်းကနေ ကိုယ်တိုင်သယ်ယူနိုင်တဲ့ ပမာဏအတိုင်း ကုန်ပစ္စည်းတွေကို သယ်ယူရမယ်လို့ မယ်ဆိုင်အကောက်ခွန်က အသိပေးထားပါတယ်။
ဒီလို စီမံထားတာဟာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံနယ်စပ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဘဲ သွားလာရေး ချောမွေ့စေဖို့ ဖြစ်ပြီး မယ်ဆိုင်နဲ့ တာချီလိတ် နှစ်ဖက်စလုံးက ဒေသခံ ပြည်သူတွေအနေနဲ့ မယ်ဆိုင်အကောက်ခွန်ရဲ့ သတ်မှတ်ချက်တွေကို ပူးပေါင်းလိုက်နာပေးကြဖို့ သက်ဆိုင်ရာဘက်က မေတ္တာရပ်ခံထားပါတယ်။

