၂၁ ရက်၊ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မဲခေါင်မြစ်ရဲ့ ဆိပ်ကမ်းတခုဖြစ်တဲ့ ချင်းဟုန်မြို့၊ ကွမ်းလိုင်ဆိပ်ကမ်းကနေ ရွှေတြိဂံဒေသတွင်း ထိုင်း၊ မြန်မာ၊ လာအိုကို မဲခေါင်မြစ်ကြောင်းအတိုင်း နေ့စဉ် ယွန်(၁၇)သန်းကျော် တရုတ်ထုတ် ကုန်စည်တွေ တင်ပို့နေတယ်လို့ ယူနန်ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်ကနေ တင်ပို့တဲ့ ကုန်စည်အများစုဟာ တရုတ်နိုင်ငံထုတ် စက်ယန္တယားတွေအပါအဝင် မော်တော်ယာဉ်မျိုးစုံ၊ အသီးအနှံအချို့နဲ့ လူသုံးကုန်၊ စားသောက်ကုန်တွေဖြစ်တယ်လို့ သိရပါတယ်။
ချင်းဟုန်မြို့ ကွမ်းလိုင်ဆိပ်ကမ်း(Guanlei Port) ကမ်းကနေ ဒေသတွင်းနိုင်ငံတွေကို ၂၀၂၆ ဇန်နဝါရီလကနေ သြဂုတ်လအထိ (၈)လတာ တင်ပို့ခဲ့တဲ့ ကုန်စည်တန်ဖိုးစုစုပေါင်းဟာ တရုတ်ငွေ (၄.၃၆၂)ဘီလီယံရှိပြီး နေ့စဉ် (၁၇.၉၈)သန်းခန့်ရှိတယ်လို့ သိရှိရပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ထွက်ရှိတဲ့ ကုန်စည်တွေအနက် ချင်းဟုန်ဆိပ်ကမ်းကတဆင့် ဒေသတွင်း နိုင်ငံ(၃)နိုင်ငံကို တင်ပို့မှု အများဆုံးဟာ သစ်သီးဝလံတွေ အများဆုံး ပါဝင်နေတာတွေ့ရပြီး နေ့စဉ် (၁၇၆)တန် ကုန်စည်တန်ဖိုး တရုတ် ယွမ်ငွေ(၂.၉၈)သန်း လန်ချန်း-မဲခေါင်ဒေသတွင်းကို တင်ပို့နေတာဖြစ်ပါတယ်။
တရုတ်–မြန်မာ မဲခေါင်ရေကြောင်းကုန်သွယ်မှုမှာတော့ တရုတ်နိုင်ငံဘက်က ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးလို သစ်သီးတွေ၊ အစားအစာနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ၊ တရုတ်နိုင်ငံထုတ် Heavy Truck နဲ့ မော်တော်ယာဉ်တွေကို ဝမ်ပုံဆိပ်ကမ်းကနေ တင်ပို့နေပါတယ်။
၂၀၂၆ ခုနှစ် ပထမ (၈)လအတွင်းမှာတော့ လန်ချန်း–မဲခေါင်ရေကြောင်းတစ်လျှောက် ကုန်စည်တန်ချိန် စုစုပေါင်း (၂၃၄,၃၀၀) ခန့် သယ်ယူပို့ဆောင်နိုင်ခဲ့ပြီး၊ ကုန်သွယ်ရေးတန်ဖိုးကတော့ ယွမ် (၄. ၃၆၂) ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

