Language:

တာချီလိတ်မှာ ထိုင်းကုန်ပစ္စည်းသယ်ယူမှုနဲ့ ဘီယာရောင်းချမှု ကန့်သတ်ထားတာကြောင့် ကုန်စုံဆိုင်အချို့ ပိတ်ထားရ


တာချီလိတ်မှာ ထိုင်းကုန်ပစ္စည်းသယ်ယူမှုနဲ့ ဘီယာရောင်းချမှု ကန့်သတ်ထားတာကြောင့် ကုန်စုံဆိုင်အချို့ ပိတ်ထားရ

၂၀ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းသယ်ယူမှုနဲ့ ထိုင်းနိုင်ငံထုတ်ဘီယာ ရောင်းချမှု ကန့်သတ်ထားတာကြောင့် ကုန်စုံဆိုင်အချို့ ယာယီပိတ်ထားရကြောင်း ဒေသခံများနဲ့ ဆိုင်ပိုင်ရှင်များထံမှ သိရပါတယ်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်မှာ စက်တင်ဘာလ (၁၅) ရက်နေ့မှစပြီး အေးခဲသားနဲ့ ကုန်စိမ်းများသယ်ယူမှုကို စတင် ကန့်သတ်လိုက်ဖြစ်ပြီး စက်တင်ဘာလ (၁၈) နေ့က နိုင်ငံခြားဘီယာများကို ရောင်းချမှုမပြုရန် သက်ဆိုင်ရာက သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ ကုန်ပစ္စည်းသယ်ယူမှု ကန့်သတ်ထားပြီး မြို့တွင်းရှိ ကုန်စုံဆိုင်များမှာ ထိုင်းနိုင်ငံထုတ် ဘီယာများကို ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာက မှာကြားထားတာကြောင့် ထိုင်းကုန်ပစ္စည်းများ အဓိကရောင်းချနေတဲ့ ကုန်စုံဆိုင်ပိုင်ရှင်အချို့က ကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ သိမ်းဆည်းထားပြီး ဆိုင်များကို ယာယီပိတ်ထားရကြောင်း သိရပါတယ်။

“အမတို့ဆိုင်မှာက ထိုင်းပစ္စည်းတွေ များတယ်လေ။ အခုက ဘီယာလည်း မရောင်းခိုင်းတော့ဘူးဆိုတော့ ဘီယာတွေလည်း သိမ်းထားရတယ်။ ထိုင်းကလာတဲ့ မုန့်တွေကိုလည်း ပြောမှာဆိုးလို့ သိမ်းထားရတယ်လေ။ အဲ့ဒါကြောင့် ဆိုင်ခဏပိတ်ထားရတယ်” လို့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်သွင်းမှုနှင့် ရောင်းချမှုတွေကို မြန်မာအာဏာပိုင်များက ကန့်သတ်နေတာကြောင့် စားသုံးသူနဲ့ရောင်းချသူတွေကြား အခက်အခဲများရှိနေတယ်လို့ သိရပါတယ်။

“အစကတည်းက ဆိုင်က မရောင်းကောင်းပါဘူးဆို။ အခုလို ဖြစ်သွားတော့ ပိုဆိုးတာပေါ့။ ပစ္စည်းတွေကို ဆိုင်မှာလည်း မထားရဲတော့ တစ်နေရာမှာစုပြီး သိမ်းထားရတယ်။ ပြန်ငြိမ်သွားမှ ဆိုင်ပြန်ဖွင့်မယ်” လို့ အခြားကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့ရှိ ဘီယာသောက်သုံးသူအချို့မှာ လက်ရှိကန့်သတ်ချက်များကြားမှ တရားမဝင် ရောင်းချနေတဲ့ ဆိုင်များထံမှ ဝယ်ယူပြီး သောက်နေကြရတယ်လို့သိရပါတယ်။

အဆိုပါ ကုန်စုံဆိုင်များက လက်ရှိအချိန်မှာ ယာယီပိတ်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းသယ်ယူမှုနဲ့ ရောင်းချမှုဆိုင်ရာ ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့မှု စောင့်ဆိုင်းနေကြကြောင်း သိရပါတယ်။

#စီးပွားရေး

#တာချီလိတ်

#ကုန်စုံဆိုင်

#အမှတ်(၁)ချစ်ကြည်ရေးတံတား

#ကုန်ပစ္စည်း

#စားသောက်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin