Language:

ရယောင်းမြို့မှာ မြန်မာအလုပ်သမားအချင်းချင်း ဓားထိုးမှုဖြစ်၊ တစ်ဦးသေဆုံး


ရယောင်းမြို့မှာ မြန်မာအလုပ်သမားအချင်းချင်း ဓားထိုးမှုဖြစ်၊ တစ်ဦးသေဆုံး

၁၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ရယောင်းခရိုင်က နီခွမ်ဖတ်ထနာမြို့နယ်အတွင်းရှိ အလုပ်သမားစခန်းတစ်ခုမှာ မြန်မာအလုပ်သမားအုပ်စုတစ်စု အရက်သောက်ရင်း စကားများရာက အချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို တရုတ်နိုင်ငံသား အလုပ်ရှင်တွေက ပစ်ကပ်ကားနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို သယ်ဆောင်လာပြီး မီးသင်္ဂြိုဟ်ဖို့ ကြိုးစားခဲ့ပြီး သံသယဖြစ်စရာ အခြေအနေတွေ ပေါ်ပေါက်လာတာကြောင့် ရဲတပ်ဖွဲ့က အမှုကို စတင်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

ရယောင်း Siam Rescue ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ (၅)ဦးခန့်ဟာ ကားနှစ်စီးနဲ့ ဘုန်းကြီးကျောင်းကို ရောက်လာခဲ့ပြီး ပစ်ကပ်ကားပေါ်မှာတော့ ရုပ်အလောင်းတင်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

ကျောင်းထိုင်ဘုန်းကြီးက ရုပ်အလောင်း ဘယ်ကရောက်လာတာလဲဆိုပြီး မေးမြန်းချိန်မှာ အဖြေတွေက သံသယဖြစ်ဖွယ်ရှိနေတဲ့အတွက် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာတော့ အတူပါလာသူအချို့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး တရုတ်နိုင်ငံသားနှစ်ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အသက် (၄၂)နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးကတော့ သူတို့ဟာ ဓားထိုးမှုမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားပါတယ်။

သူ့အဆိုအရ မြန်မာအလုပ်သမားတွေ အရက်ဝိုင်းသောက်ရင်း ရန်ဖြစ်ပြီး အချင်းချင်း ဓားထိုးခဲ့တာဖြစ်သလို ဓားထိုးသူကတော့ အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့ သေဆုံးသူကို ဆေးရုံပို့ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းမှာပဲ သေဆုံးသွားတာကြောင့် ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့တာလို့လည်း ရှင်းလင်းထားပါတယ်။

ဒါပေမယ့် ရုပ်အလောင်းကို ဘာကြောင့် ဘုန်းကြီးကျောင်းကိုယူလာပြီး မီးသင်္ဂြိုဟ်ဖို့ ကြိုးစားခဲ့တာလဲ၊ သက်သေအထောက်အထား ဖျောက်ဖျက်ဖို့ ရည်ရွယ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေကိုတော့ “မသိဘူး” လို့သာ ဖြေကြားခဲ့ပါတယ်။

ဘုန်းကြီးနဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီအဖွဲ့ဟာ နံနက် (၂)နာရီဝန်းကျင်မှာ ကျောင်းဝင်းထဲကို ကားမောင်းဝင်လာခဲ့ပြီး အမူအရာတွေ သံသယဖြစ်ဖွယ်ရှိနေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားတဲ့ အလုပ်သမားစခန်းနဲ့ ထွက်ပြေးလမ်းကြောင်းတစ်လျှောက် CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး ဓားထိုးမှုကျူးလွန်သူနဲ့ ဆက်စပ်ပါဝင်သူအားလုံးကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

#ဓါးထိုးမှု

#မြန်မာနိုင်ငံသား

#လုပ်ငန်းခွင်

#ရယောင်းမြို့

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMediaa

ဆက်စပ်သတင်းများ

Eastern Thanlwin