Language:

မြန်မာထောပတ်သီးများကို ထိုင်းအပါဝင် နိုင်ငံ(၅)နိုင်ငံသို့ တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ပြောကြား


မြန်မာထောပတ်သီးများကို ထိုင်းအပါဝင် နိုင်ငံ(၅)နိုင်ငံသို့ တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ပြောကြား

၁၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

မြန်မာထောပတ်သီးများကို ထိုင်းနိုင်ငံအပါဝင် နယူးဇီလန်၊ ဩစတြေးလျ၊ ပီရူးနဲ့ တရုတ်တို့ထံ ပြန်လည် တင်ပို့ရောင်းချခွင့် ရရှိရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba က ပြောဆိုလိုက်ပါတယ်။

ထိုင်းသံအမတ်ကြီး H.E. Mr. Tor Saralamba နှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့ စက်တင်ဘာ (၁၄) ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာထောပတ်သီးများကို ထိုင်းနိုင်ငံသို့ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထောပတ်သီးထွက်ကုန်များသည် ယခင်က ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ခဲ့ရပြီး စုစုပေါင်းထွက်ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ထိုင်းဈေးကွက်သို့ ဝင်ရောက်ခဲ့တယ်လို့ မြန်မာထောပတ်သီး ထုတ်လုပ်သူနှင့် တင်ပို့သူများအသင်း (MAVO) ၏ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံဘက်က စားသုံးသူဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးစံနှုန်းများကို ပိုမိုတင်းကျပ်ရန် ဆောင်ရွက်နေရာ မြန်မာနိုင်ငံအပါအဝင် လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထောပတ်သီးတင်သွင်းမှုကို ရပ်ဆိုင်းထားပြီး မြန်မာဘက်မှ ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် Pest Risk Analysis (PRA) လုပ်ငန်းစဉ်လည်း လိုအပ်နေတာပါ။

လက်ရှိ ၂၀၂၆-၂၀၂၇ ထောပတ်သီးရာသီမှာ တင်ပို့ရန်အသင့်ရှိနေတဲ့ ထောပတ်သီးတန်ချိန်မှာ ၂၀,၀၀၀ ခန့်ရှိပြီး အရည်အသွေးကောင်းမွန်တဲ့ အသီးများ ပြည်ပဈေးကွက်သို့ တင်ပို့ရန် ရည်ရွယ်ထားတယ်လို့ MAVO က ပြောကြားထားပြီး ထောပတ်သီးရိတ်သိမ်းရာသီမှာတော့ နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဖြစ်ပါတယ်။

“ဒီနှစ်ထွက်တဲ့ အသီးတွေကို တင်ပို့နိုင်ရင်ကောင်းတာပေါ့ဗျာ။ ဒါဆို တောင်သူတွေလည်း စိတ်အေးရတယ်။ ထောပတ်သီးက နှစ်နဲ့ချီ ရင်းနှီးရတာပါ။ အခုလို ဆောင်ရွက်ပေးမယ်ပြောတော့လည်း ကျွန်တော်တို့လို တောင်သူတွေအနေနဲ့ ပိုစိတ်အေးရတာပေါ့။” လို့ ထောပတ်သီးစိုက်ပျိုးရောင်းချသူ တောင်သူ ဦးခွန်က အရှေ့သံလွင် သတင်းဌာနသို့ ပြောပါတယ်။

ထိုင်းဈေးကွက် မရရှိပါက ရိတ်သိမ်းရာသီအတွင်း ထောပတ်သီးများ ပြည်တွင်း ဈေးကွက်သို့ တစ်ပြိုင်နက်ဝင်ရောက်လာနိုင်ပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှပါက ဈေးနှုန်းကျဆင်းခြင်းနဲ့ တောင်သူများ၏ ဝင်ငွေထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အလားတူ MAVO အနေဖြင့် ထိုင်းဈေးကွက်အပြင် တရုတ်နိုင်ငံသို့လည်း တရားဝင်တင်ပို့နိုင်ရေး ကြိုးပမ်းနေပြီး လက်ရှိ တရုတ်နိုင်ငံ၏ General Administration of Customs (GACC) သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်တဲ့ အသိအမှတ်ပြုမှုရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#စီးပွားရေး

#စားသုံးသူရေးရာ

#ပြည်တွင်းဈေးကွက်

#ပြည်ပဈေးကွက်

#ထောပတ်သီး

#ထိုင်း

#နိုင်ငံ(၅)နိုင်ငံ

#MAVO

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin