Language:

အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ဆိုပြီး မြန်မာကုမ္ပဏီ (၄) ခု Black List သွင်း


အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ဆိုပြီး မြန်မာကုမ္ပဏီ (၄) ခု Black List သွင်း

၁၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

အွန်လိုင်းငွေကြေးလိမ်လည်မှုလို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ဆိုပြီး မြန်မာကုမ္ပဏီ (၄)ခုကို အမည်မည်းစာရင်း (Black List) ထဲ ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမည်မည်းစာရင်းထဲ ထည့်သွင်းခံရတဲ့ ကုမ္ပဏီတွေကတော့ မရမ်းကုန်းမြို့နယ်က Grand Myanmar Empire (GME) Co., Ltd.၊ ဒေါပုံမြို့နယ်က Silverdale Co., Ltd.၊ ဗိုလ်တထောင်မြို့နယ်က Golden Shah Co., Ltd. နဲ့ Kyaw Kyaw Htun Co., Ltd. တို့ ဖြစ်ပါတယ်။

ဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေဟာ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က အကြောင်းကြားထားတာ ဖြစ်တဲ့အပြင် မြန်မာကျပ်ငွေနဲ့ USDT ငွေကြေးတွေ လွှဲပြောင်းတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဲဒီအကြောင်းကြားချက်အပေါ် မူတည်ပြီး ကုမ္ပဏီ ၄ ခုနဲ့ သက်ဆိုင်သူ လူပုဂ္ဂိုလ် ၄ ဦးကို ကုမ္ပဏီဒါရိုက်တာအဖြစ် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ မသင့်သူတွေအဖြစ် သတ်မှတ်ပြီး Black List ထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီများ ဥပဒေကိုသာမက ကိုယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေနဲ့ နည်းဥပဒေတွေကိုပါ လိုက်နာရမယ်လို့ ဌာနက သတိပေးထားပါတယ်။

အကယ်၍ သက်ဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတာကို စစ်ဆေးတွေ့ရှိခဲ့ရင်တော့ မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

#ကျားဖြန့်လုပ်ငန်း

#ရင်းနှီးမြှုပ်နှံမှု

#မြန်မာကုမ္ပဏီ(၄)ခု

#BlackList

#စီးပွားရေး

#Scammer

#အွန်လိုင်းလိမ်လည်မှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin