၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် American Chamber of Commerce in Myanmar (AmCham Myanmar) ရဲ့ ဥက္ကဋ္ဌဟောင်း Adam Michael Castillo ကို မြန်မာနိုင်ငံတော်အစိုးရက (၃)လကြာ ထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
မြန်မာ-အမေရိကန် ချစ်ကြည်ရင်းနှီးမှုကို ထည့်သွင်းစဉ်းစားပြီး စက်တင်ဘာ (၁၆) ရက်မှာ မြန်မာနိုင်ငံကနေ ” ပြန်လွှတ်/ပြည်နှင်ခဲ့တယ်လို့ မြန်မာနိုင်ငံတော်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Castillo ဟာ ဇွန်လ ၁၁ ရက်က မလေးရှားနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အစပိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးရတဲ့ အကြောင်းရင်းကို ထုတ်ပြန်လာခဲ့ခြင်း မရှိပါဘူး။
နောက်ပိုင်းမှာတော့ AmCham Myanmar နဲ့ ဆက်စပ်တဲ့ ငွေကြေးကိစ္စတစ်ခုကြောင့်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Castillo ဟာ အမေရိကန် မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အာဖဂန်နစ်စတန်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ နေထိုင်ပြီး ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ AmCham Myanmar လုံခြုံရေးကုမ္ပဏီကို ဦးဆောင်ခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြရေးသားထားပါတယ်။
လက်ရှိမှာတော့ Castillo ကို မြန်မာနိုင်ငံကနေ ပြည်နှင်ပြီး ဘန်ကောက်ကို ပို့ဆောင်ခဲ့ကာ အမေရိကန်နိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။
စက်တင်ဘာ (၁၅) ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိလာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က စက်တင်ဘာ (၁၆) ရက် ညနေပိုင်းက နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားပြီးနောက် အခုလို အမေရိကန်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးမှုသတင်းကို အစိုးရအဖွဲ့က ထုတ်ပြန်လာတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အဖွဲ့လာရောက်ရတဲ့ အကြောင်းအရင်းကိုတော့ နိုင်ငံတော် အစိုးရအဖွဲ့က အသေးစိတ်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
#မြန်မာ-အမေရိကန်

