၁၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကိုရဲ
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာလွမ်မြို့နယ်မှာ စက်တင်ဘာ(၁၄)ရက် နံနက်(၁)နာရီခန့်က စစ်ဆေးရေးဂိတ်ကို ဖောက်ထွက်ပြေးတဲ့ ယာဥ်အတွင်းကနေ စိတ်ကြွဆေးပြား (၁)သန်း ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာတယ်လို့ သတင်းရရှိထားတဲ့ မော်တော်ယာဉ် တစ်စီးကို အာဏာပိုင်တွေက တားဆီးစစ်ဆေးရန် ကြိုးပမ်းစဉ် စစ်ဆေးရေးဂိတ်ကို ဖောက်ထွက် မောင်းပြေးခဲ့ပြီး အဲ့ဒီကားက လမ်းဘေး သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့ကာ ဆက်လက်မောင်းနှင်လို့ မရတော့သဖြင့် ယာဥ်အတွင်းမှ စိတ်ကြွဆေးပြား (၁)သန်းကို ဖမ်းဆီရမိခဲ့တာပါ။
ထိုင်းအာဏာပိုင်များက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် ချင်းရိုင်မှတ်ပုံတင်နံပါတ်ပါ သံသယဖြစ်ဖွယ်ယာဉ်တစ်စီးကို တွေ့ရှိခဲ့တာပါ။
အရာရှိများက ယာဉ်အား ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ယာဉ်မောင်းသူက ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့်မောင်းပြေးခဲ့တာကြောင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မယ်ဖာလွမ်မြို့နယ် မယဆလောင်နိုင်ခွဲ ဟွေစန်ကျေးရွာအနီးသို့ ရောက်ရှိချိန် ယာဉ်မှာ လမ်းဘေးသို့ ချော်ထွက်ကာ သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့ပြီး ဆက်လက်မောင်းနှင်လို့မရတော့ဘဲ ယာဥ်မောင်းမှာ ညအမှောင်နဲ့ ဒေသမြေပြင်အခြေအနေကို အခွင့်ကောင်းယူကာ ယာဉ်ကို စွန့်ပစ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
အာဏာပိုင်များက စွန့်ပစ်ထားခဲ့တဲ့ ယာဉ်ကို ဆက်လက်စစ်ဆေးရှာဖွေရာ ရောင်စုံ ဖျာအိတ် ၅ အိတ် တွေ့ရှိခဲ့ပြီး အိတ်တစ်အိတ်လျှင် မူးယစ်ဆေးဝါးအမျိုးအစားဖြစ်တဲ့ စိတ်ကြွဆေးပြား(၂၀၀,၀၀၀)စီ ထည့်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ စုစုပေါင်း စိတ်ကြွဆေးပြား(၁,၀၀၀,၀၀၀)(တစ်သန်း)ခန့် ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မှုးယစ်ဆေးဝါးများနဲ့ သက်သေခံပစ္စည်းများအားလုံးကို ဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် မယ်ဖာလွမ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရပါတယ်။
#စိတ်ကြွဆေးပြား(၁)သန်းဖမ်းဆီးရမိ

